MNP - ဧပြီ ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ နမ္မတူမြို့နယ်အတွင်း၌ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သော လူနေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်တို့က ဧပြီလ (၆)ရက်နေ့နှင့် (၁၇)ရက်နေ့တို့တွင် လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နမ့်ကပ်၊ ပန်ကော်ကျေးရွာနှင့် ပန်ဟိုက်ရပ်ကွက် (၈)တို့ရှိ လူနေအိမ် (၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၆၃၀၀၀၀)ကျပ်နှင့် လူဦးရေ (၃၉)ဦးတို့အတွက် ရက်သတ္တတစ်ပတ်စာ ဆန်ဖိုးရိက္ခာငွေ (၈၁၉၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၇၁၁၉၀၀) ကျပ်အား ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ဦးသိန်းဟန်ထံက သိရှိရပါသည်။
သတင်း - လူမော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment