ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



MNP -  ဧပြီ     ၂၈

ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။

ရှေးဦးစွာ ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံမှု စာရင်းဇယားများ ပြုစုရာတွင် နောက်ဆုံး သတ်မှတ်ပေးသည့်ဇယားပုံစံအတိုင်း ပြုစုရန်လိုကြောင်း၊ လတ်တလော အခြေအနေအရ လုံခြုံရေးကန့်သတ်ချက်များရှိသော်လည်း မြို့နယ်အလိုက် လူဦးရေများသည့် ကျေးရွာများနှင့် အခြားကျေးရွာများတွင် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး ပေါင်းစပ် ဆောင်ရွက်ရန်လိုကြောင်း၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအား ကြပ်မတ်ဆောင်ရွက်ရန် ဝန်ကြီးများအား မြို့နယ်အလိုက် တာဝန်ပေးအပ်ထားပြီးဖြစ်၍ ကာကွယ်ဆေးထိုးနှံမှု ရာခိုင်နှုန်း တိုးတက် လာစေရေး ကြပ်မတ်ဆောင်ရွက်ပေးရန် လိုကြောင်းဖြင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ ဟားခါးမြို့နယ်လူထုကျန်းမာရေးကော်မတီမှ အမှုတော်ဆောင်ဆရာ ရွှေမန်းက ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ ဆက်လက်ပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်မြင့်ဦးက ချင်းပြည်နယ်အတွင်း ကိုဗစ်−၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်မှု၊ အသက်(၁၈)နှစ်အထက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေ၊ ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး အမျိုးအစားအလိုက် ကာကွယ်ဆေးရရှိ၊သုံးစွဲ၊ လက်ကျန်စာရင်း အခြေအနေ၊ မြို့နယ်အလိုက် ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးပစ္စည်းရောက်ရှိမှုအခြေအနေ ၊ တွန်းဇံမြို့၊ ကျီခါးမြို့နှင့် ကန်ပက်လက်မြို့တို့အတွက် အောက်ဆီဂျင် Plantများ ပို့ဆောင်နိုင်ရေး ဆောင်ရွက်ထားမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြ သည့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ကျောင်းသား၊ကျောင်းသူများ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံရန် ဆောင်ရွက်မည့်အစီအမံများ၊ မြို့နယ်အလိုက် ကာကွယ်ဆေးထိုးနှံမှုစာရင်းကို VMIS စနစ်တွင် စာရင်းဖြည့်သွင်းနေမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ဟားခါးတပ်နယ်မှ ဗိုလ်မှူးကြီး စောထွန်းတို့က ကိုဗစ်−၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှု စာရင်းဇယားပြုစုရာတွင် သက်ဆိုင်ရာဌာနများ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ရေး၊ မြို့နယ်အလိုက် ဘာသာရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့ အစည်းများအစီအစဉ်ဖြင့်လည်းကောင်း မိမိအစီအစဉ်ဖြင့် လည်းကောင်း ကိုဗစ်−၁၉ ကာကွယ်ဆေးထိုးနှံမှုများရှိပါက တင်ပြစေရန်နှင့် ကိုဗစ်−၁၉ အသိပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန် အကြုံပြုဆွေးနွေးကြပြီး  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနအနေဖြင့် ကာကွယ် ဆေးထိုးနှံမှုစာရင်းများ ပြည်နယ်အစိုးရအဖွဲ့ရုံး၏စာရင်းနှင့် တိုက်ဆိုင်စိစစ်၍ စာရင်းဇယားများ မှန်ကန်မှုရှိစေရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရန်၊ VMIS စနစ် ဖြည့်သွင်းမှုများနှင့်ပတ်သက်၍ ပြည်နယ်ဝန်ကြီးများမှ  မိမိတို့သက်ဆိုင်ရာ မြို့နယ်များ အလိုက် အင်တာနက်လိုင်းများ ကောင်းမွန်သည့်အချိန်တွင် စာရင်းဇယားများ ဖြည့်သွင်း နိုင်ရေး ကြပ်မတ် ဆောင်ရွက်ကြရန်နှင့် မတူပီမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံမှုကိစ္စအပေါ် အမှန်ထိုးနှံမှု စာရင်းများအား  သက်ဆိုင်ရာ တပ်နယ်၊ ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ကြရန် အကြုံပြုဆွေးနွေး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)