MNP ၊ ဧပြီ ၁
ခေတ်အဆက်ဆက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသေးသည့် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရန် လိုအပ် နေသော သုတေသနလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက် တစ်ခုဖြစ်သည့် မွေးမြူရေးသုတေသနဦးစီးဌာန အသစ်တစ်ခု တည်ထောင်ဆောင်ရွက်ရန် ၂၀၂၁ ခုနှစ် ဩဂုတ် (၁၇)ရက်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော မွေးမြူရေးသုတေသနဦးစီးဌာန ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဇေယျာသီရိမြို့နယ် ရေဆင်း၌ ကျင်းပရာအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များ၊ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူတို့က မွေးမြူရေးသုတေသန ဦးစီးဌာန အဆောက်အအုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး မွေးမြူရေးသုတေသနဦးစီးဌာန အသစ်၏ ဆိုင်းဘုတ်ကို ပြည်ထောင်စုဝန်ကြီး က စက်ခလုပ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး က အဖွင့်အမှာစကားပြောကြားရာ၌ နိုင်ငံတော် အနေဖြင့် လယ်ယာ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး နှင့် ခေတ်မီနည်း ပညာများအသုံးပြုပြီး ဘက်စုံကဏ္ဍစုံ တစ်ပြေးညီဖွံ့ဖြိုး တိုးတက်လာရေးကို ရည်မှန်းချက်၊ ဦးတည်ချက်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါလုပ်ငန်းများ လက်တွေ့အရှိန်အဟုန် ကောင်းစွာဆောင်ရွက် နိုင်ရေးအတွက် မွေးမြူရေးကဏ္ဍတွင် လိုအပ်နေသေးသည့် သုတေသန ဦးစီးဌာန အသစ် ကို ယနေ့စတင် တည်ထောင်ပေးခြင်းဖြစ်ကြောင်း၊ မွေးမြူရေးကဏ္ဍအတွက် သမိုင်းစာမျက်နှာအသစ် တစ်ခု ဖွင့်လှစ်နိုင်ခြင်း ဖြစ်သကဲ့သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က လယ်ယာ ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် လက်တွေ့အားပေးနေမှုများကို အထင်အရှား တွေ့မြင်နိုင်မည် ဖြစ်ကြောင်း၊ နယ်ပယ်အသီးသီး၏ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုတွင် သုတေသန လုပ်ငန်း သည် အရေးပါသောကဏ္ဍမှ ဦးဆောင်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ တိုးတက်မှု ရရှိရန် သုတေသနလုပ်ငန်းများကို အစဉ်တစိုက် ကြိုးစားအားထုတ်ရ မည်ဖြစ်သကဲ့သို့ သုတေသန ဖော်ထုတ်တွေ့ရှိချက်များကို လက်တွေ့အသုံးချသုတေသနများအဖြစ်ပြောင်းလဲပြီး အမှန်တကယ် အသုံးချမည့်သူများ၏ လက်ဝယ်ရောက်ရှိအောင် ဆောင်ကြဉ်းပေးရန် လိုကြောင်း၊ နိုင်ငံတကာ၏ သုတေသန ဆောင်ရွက်ချက်များ ဖော်ထုတ်တွေ့ရှိမှုရလဒ်များ မှ အားသာချက် အားနည်းချက် များကို မျက်ခြေမပြတ်လေ့လာပြီး ရေရှည်အတွက်အကျိုးရှိစေမည့် နည်းပညာရပ် ဆိုင်ရာ သုတေသန နှင့် မိမိတို့နိုင်ငံ တွင် လိုအပ်နေသည့် လက်တွေ့အသုံးချ သုတေသနများ ဖွံ့ဖြိုးလာရေး ကြိုးပမ်း ကြရန်တိုက်တွန်းပါကြောင်း ပြောကြားသည်။
ယနေ့ဖွင့်လှစ်သည့် မွေးမြူရေးသုတေသနဦးစီးဌာနကို လုပ်ငန်းများစတင်ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေးသုတေသနဦးစီးဌာနဝန်းအတွင်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခင်ရှိပြီး မွေးမြူရေး သုတေသနစခန်း(၇)ခု၊ ရေလုပ်ငန်းသုတေသနစခန်း(၇)ခု စုစုပေါင်းသုတေသန စခန်း(၁၄)ခု ကိုလည်း ယခုဌာန အောက်သို့လွှဲပြောင်းပြီး ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးတွင် သုတေသနလုပ်ငန်းများ ထိထိရောက်ရောက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရေဆင်းနယ်မြေရှိ စိုက်ပျိုးရေးဦးစီးဌာန ရိတ်သိမ်းချိန်လွန် နည်းပညာဌာန သို့ရောက်ရှိကြပြီး စားနပ်ရိက္ခာနှင့်အာဟာရဓါတ်ဖူလုံရေးတွင် အရေးကြီးသော သီးနှံများစိုက်ပျိုးရိတ်သိမ်းပြီးနောက်ပိုင်း လုပ်ငန်းစဉ်များတွင် လေလွင့်မှု လျှော့ချနိုင်ရေး အတွက် သိုလှောင်ထုပ်ပိုးမှုနှင့် တန်ဖိုးမြှင့်ကုန်ချောထုတ်လုပ်နိုင်ရေးဆိုင်ရာ နည်းပညာ ပြန့်ပွားရေး လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးအားပေးကြသည်။
နေပြည်တော် ဇေယျာသီရိမြို့နယ် ရေးဆင်းဧရိယာနယ်မြေတွင် စိုက်ပျိုးရေးတက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ သစ်တောသုတေသနဦးစီးဌာန၊ ရိတ်သိမ်းချိန်လွန် နည်းပညာဌာန၊ စက်မှုလယ်ယာ သင်တန်းကျောင်း၊ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းတို့ တည်ရှိပြီး နည်းပညာရပ် ဆိုင်ရာနှင့် သုတေသန ဆိုင်ရာများတည်ရှိနေသော အဝန်းအဝိုင်းတွင် မွေးမြူရေးသုတေသနဦးစီးဌာနကို ယနေ့စတင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အလားတူ စက်မှုလယ်ယာ သုတေသနဌာနတစ်ခု အသစ်ထပ်မံ ဖွင့်လှစ်နိုင်ရေးကိုလည်း ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment