MNP - ဧပြီ ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှုအား ကျေးရွာများသို့အရောက် တာဝန်ရှိသူများက ကွင်းဆင်းကြီးကြပ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ အရှိန်အဟုန်မြှင့် ထိုးနှံပေးနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့က မရမ်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၁)နာရီက ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ရာ မရမ်းအနောက်ကျေးရွာနေ အမျိုးသား (၅၅)ဦး၊ အမျိုးသမီး(၈၈)ဦး၊ တော်ချိုက်ကျေးရွာမှ အမျိုးသမီး(၄)၊ ရှမ်းကန်ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာနေ အမျိုးသမီး(၈)ဦး၊ မရမ်းအရှေ့ကျေးရွာနေ အမျိုးသမီး(၂)ဦး၊ စုစုပေါင်း (၁၅၇)ဦးအား ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့် ထိုးနှံပြီးစီးရေးနှင့် ကာကွယ်ဆေး လာရောက်မထိုးနှံနိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေး ချို့တဲ့သူများအား အိမ်တိုင်ယာရောက် ထိုးနှံပေးခြင်းနှင့် မြို့နယ်ပြင်ပရောက်ရှိနေသူများ ကာကွယ်ဆေးများ လာရောက်ထိုးနှံနိုင်ရေး မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက သက်ဆိုင်ရာ မိသားစုများနှင့် ချိတ်ဆက်ဆောင်ရွက်၍ ကာကွယ်ဆေးများ ထိုးနှံနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အေဇာလင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment