MNP - ဧပြီ ၁၈
၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး၌ ယမန်နေ့ ညနေ(၄) နာရီခွဲက အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် ဆရာတော်သံဃာတော်များနှင့်ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်၍ နိုင်ငံတော်သြဝါဒါစရိယ တောင်ကြီးမြို့ စွန်းလွန်းဂူကမ္မဌာန်းကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတမဟာ ကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာဘိဝံသ ဆရာတော်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်သံဃတော်အရှင်သူမြတ်တို့က ရွတ်ပွားချီးမြှင့်တော်မူအပ်သော အန္တရာယ်ပရိတ်တရားတော်မြတ်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများက ဆရာတော် သံဃာတော်တို့ထံ လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ တောင်ကြီးမြို့ သိမ်တောင်ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်အဂ္ဂမဟာန္တဝါစက ပဏ္ဍိတဘဒ္ဒန္တတေဇဝန္တထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်ချ အမျှပေးဝေကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းလိုက်ပြီး ဆရာတော်သံဃာတော်များအား ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူကြကြောင်း သိရှိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်



No comments:
Post a Comment