MNP - ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပနိုင်ရေး အတွက် ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ပွဲတော်ကျင်းပရေးကော်မတီနှင့် ဆပ်ကော်မတီဝင် များ ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးရာ၌ ကော့သောင်းခရိုင် ပွဲတော်ကျင်းပရေးဗဟိုကော်မတီဝင် ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ဆပ်ကော်မတီများက ရပ်ကွက်ပေါင်းစုံ ယိမ်းအကပြိုင်ပွဲဝင်အဖွဲ့များ ဖွဲ့စည်းကာ ဗဟိုမဏ္ဍပ် တွင် သင်္ကြန်ကာလအတွင်း ညစဉ် ယိမ်းအကပြိုင်ပွဲများ စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး နှင့် ဆုများချီးမြှင့်ပေးအပ်နိုင်ရေး၊ ရပ်ကွက်/ကျေးရွာများအလိုက် ရေကစားမဏ္ဍပ်များ ဆောက်လုပ်ပြီး ပျော်ရွင်စွာ ရေကစားခြင်း၊ ဖျော်ဖြေရေးမဏ္ဍပ်များတွင် ယိမ်းအက အဖွဲ့များ ပါဝင်ဖျော်ဖြေခြင်းနှင့် သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် ပြည်သူများ စည်စည် ကားကား ဆင်နွှဲနိုင်ရေးနှင့်သ င်္ကြန်ကာလတစ်လျှောက် လုံခြုံရေးအစီအမံများ စီစဉ်ဆောင်ရွက် ပေးကြရန် ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို ကော့သောင်းမြို့၌ အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကာ ဖျော်ဖြေရေး မဏ္ဍပ်များအပြင် ရပ်ကွက်/ကျေးရွာများအတွင်း ရေကစားမဏ္ဍပ်များဖြင့် မြို့နေပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး စည်းကမ်း ချက်များနှင့်အညီ အေးချမ်းပျော်ရွင်စွာ မြန်မာ့ရိုးရာယာဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ဆင်နွှဲနိုင်ရေး လိုအပ်သည့် အစီအမံများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကျော်စိုး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment