မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္ဒိမာအား ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ ဘဒ္ဒန္တစန္ဒိမာအား ဂုဏဝိသိဌပူဇာမင်္ဂလာအခမ်းအနား ကျင်းပ

 


MNP - ဧပြီ   ၂၉

မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ  ဘဒ္ဒန္တစန္ဒိမာအား ဂုဏ်ပြုကျင်းပပြုလုပ်သည့် ဂုဏဝိသိဌ ပူဇာမင်္ဂလာအခမ်းအနားကို ယနေနံနက် ၇နာရီက သံတွဲမြို့၊ သုဝတီပရိယတ္ထိ စာသင်တိုက်တွင် အသင်းသူ/အသင်းသားများနှင့် တပည့်ဒါယကာ/ဒါယိကာမများစုပေါင်း၍ ကျင်းပခဲ့သည်။

အခမ်းအနားကို နမောတသ (၃) ရွက်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး   သံတွဲမြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ၊ သီရိမင်္ဂလာမြို့ဦးကျောင်းတိုက်ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တရေဝတ (အဂ္ဂမဟာသဒ္ဒမ္မဇောတိတဇ) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြသည်။ ထို့နောက် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့စေတျာရာမ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန နာယက၊ သံတွဲ မြို့နယ်လုံးဆိုင်ရာ ငလျင်တောင်ပဝါရဏာဂိုဏ်းကြီးနှင့် တောင်ကုတ်မြို့နယ်လုံးဆိုင်ရာ ကံပိုင်ပဝါရဏာဂိုဏ်းကြီးတို့၏ အကျိုးတော်ဆောင်ချုပ် (ကမ္မဌာနစရိယ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိတဇ၊ အဘိတဇအဂ္ဂမဟာသဒ္ဒမ္မဇောတိတဇ၊ နိုင်ငံတော်ဩဝါဒစရိယ) ဘဒ္ဒန္တသူရိယဓဇ မဟာထေရ်မြတ်ကြီး ထံမှ ဩဝါကထာ နာယူတော်မူခဲ့ကြသည်။

ဆက်လက်၍ အကြည်ညိုခံဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းကြပြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ရခိုင်ပြည်နယ် အစိုးရမှ ဆက်ကပ်အပ်သော ထပ်ဆင့်ဂုဏ်ပြုလွှာအားလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ဆက်ကပ်လှူဒါန်းသော ထပ်ဆင့်ဂုဏ်ပြုမှတ်တမ်းလွှာများကို ခရိုင်ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးမောင်သာစိန်တို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် မဟာဗောဓိစာသင်တိုက် (ဂေါပကအဖွဲ့ဥက္ကဋ္ဌ) ဦးမြမောင်က  မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ရ  ဘဒ္ဒန္တစန္ဒိမာ၏ ထေရုပ္ပတ္ထိအား ဖတ်ကြားပူဇော်ပြီး မေတ္တာတေးသံ တေးနုယဉ်အဖွဲ့မှ ဆရာတော်အား ပိုဒ်စုံရတုများ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။

ပြီးနောက် သံတွဲမြို့မဟာဗောဓိစာသင်တိုက်၊ ဦးစီးပဓာန နာယက၊ သုခဝတီကျောင်းတိုက်များ၏ မဟာနာယက၊ သံတွဲမြို့နယ်လုံးဆိုင်ရာ ငလျင်တောင်ပဝါရဏာဂိုဏ်းကြီးနှင့် တောင်ကုတ်မြို့နယ် လုံးဆိုင်ရာ ကံပိုင်ပဝါရဏာဂိုဏ်းကြီးတို့၏ အကျိုးတော်ဆောင်၊ သာသနဓဇ ဓမ္မာစရိယ၊ မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာမဟာဂန္တဝါစကပဏ္ဍိတ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ ဘဒ္ဒန္တကလျာဏအရှင်သူမြတ်က ကျေးဇူးတင်စကားပြောကြားပြီး လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသရနံစိရံတိဌတု သုံးကြိမ်ရွက်ဆိုဆုတောင်း၍ ပူဇော်ပွဲ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။

သံတွဲမြို့၊ မြို့နယ်သံဃနာယက အဖွဲ့အကျိုးတော်ဆောင်၊ သုခဝတီပရိယတ္ထိစာသင်တိုက် သုခါဝါသဓမ္မရိပ်သာ၊ ဥက္ကလာသီရိကျောင်း(သုခဝတီ-ရန်ကုန်)တို့၏ ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တစန္ဒိမာသည်  ၁၃၇၆ခုနှစ်၊ (၄-၁-၂၀၁၅)ခုနှစ်တွင် သဒ္ဓမ္မဇောတိကတဇ ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူပြီး၊ ၁၃၈၃ခုနှစ်၊ (၄-၁-၂၀၂၂) လွတ်လပ်ရေးနေ့ အခါသမယတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၂)ဖြင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များဆက်ကပ် လှူဒါန်းရာတွင် မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တံဆိပ်တော်ကို ရရှိတော်မူခဲ့ခြင်းဖြစ်သည်။

သတင်း - သန့်ဇင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)