MNP - ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေနှင့် မြေအောက်ရေများဖြင့် ပြောင်းသီးနှံများကို (နွေ၊မိုး၊ဆောင်း)တစ်နှစ်ပတ်လုံး စီးပွါးဖြစ်စိုက်ပျိုးကြရာ ယခုအချိန်တွင် ဆောင်းသီးနှံပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။
“ဦးလေးတို့ ဒေသခံတောင်သူတွေကတော့ ပြောင်းဖူးကို နွေ၊ မိုး၊ ဆောင်း တစ်နှစ်ပတ်လုံးကို စီးပွါးဖြစ် စိုက်ပျိုးပါတယ်၊ တခြားသီးနှံတွေကတော့ သူ့ရာသီအလိုက်စိုက်ပျိုးတယ်၊ ခုနှစ်စိုက်ထားတဲ့ပြောင်းခင်း တွေလည်း အောင်မြင်ဖြစ်ထွန်းပြီး ဈေးကွက်ကို စတင်ရောင်းချနေရပါပြီ၊ တစ်ဖူးကို အများဈေး ၁၅၀ ကျပ်ရပါတယ်၊ ပြောင်းဖူးမျိုးကတော့ သကြားပြောင်းနဲ့ ကာရာဘိုက်မျိုးတွေကို အဓိကထား စိုက်ပျိုးတယ်၊ ပြောင်းဖူးစိုက်ပျိုးရေးမျိုးစေ့တစ်ထုပ်ကို (၁၈၅၀၀)ကျပ် ပေးဝယ်ရပါတယ်၊ တစ်ခါစိုက် ပြီးရင် ၂ လခွဲကြာရင် ခုတ်ရောင်းလို့ရပြီ၊ တစ်ဧက စိုက်ပျိုးရင် ငွေကျပ်သိန်း ၂၀ ထိရရှိပါတယ်” ဟု ရေဖြူကျေးရွာပြောင်းစိုက်တောင်သူ ဦးအောင်စိုးက ပြောကြားသည်။
ပေါက်ခေါင်းမြို့နယ်ရှိ ပြောင်းဖူးစိုက်တောင်သူများသည် ပြောင်းဖူးဈေးကွက်ကောင်းမွန်ခြင်း၊ စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းခြင်းတို့ကြောင့် တစ်နှစ်ပတ်လုံး စိုက်ပျိုးရောင်းချရသဖြင့် စီးပွါးရေး တွက်ခြေကိုက်လျက်ရှိကြောင်း သိရသည်။
သတင်း - သန်းထွန်းအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment