MNP - ဧပြီ ၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလကုန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က နေပြည်တော်အတွင်း ၂၀၂၂ခုနှစ်၊ ဧပြီလကုန်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပူးပေါင်းပြီး ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်စေလိုကြောင်း၊ ပြည်သူများ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာများအရောက် ကွင်းဆင်း ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက နေပြည်တော်အတွင်းရှိ ပြည်သူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပြီးစီးမှု အခြေအနေများနှင့် ဧပြီလကုန်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံပြီးစီးရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ် သည်များကို ဖြည့်စွက် ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းထွန်းဝင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment