MNP - ဧပြီ ၂
၂၀၂၂ ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံဘတ်စကက်ဘော ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၂)နာရီက လားရှိုးမြို့ လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ စစ်ရေးပြမှူးမှ ဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား အလေးပြုကြသည်။ ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထန်းက ရှမ်းပြည်နယ်အနေဖြင့် ဘတ်စကက်ဘောအားကစားနည်းမှာ မြန်မာ့လက်ရွေးစင် အသင်းကို အထောက်အကူပြုနိုင်ရေးအတွက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်သည့်ပြည်နယ်တစ်ခု လည်းဖြစ်ပါကြောင်း၊ ယနေ့နိုင်ငံတော်မှ လူငယ်လူရွယ်များကို ဘက်စုံထောင့်စုံမှ အရည်အသွေးမြှင့် တင်ပေးရန်အလေးထားဆောင်ရွက်ပေးနေပြီး အရည်အသွေး ပြည့်ဝသော လူငယ်အဖွဲ့အစည်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံများသည် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိပါကြောင်း၊ ယနေ့ပြုလုပ်ကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကလပ်ပေါင်းစုံ ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် စည်းကမ်း ချက်များကို လက်ခံကျင့်သုံးပြီး အားကစား၏အဓိပ္ပါယ်ကို ပေါ်လွင်အောင် အလေးထားယှဉ်ပြိုင်ကြရန် မှာကြားလိုကြောင်း၊ ပြိုင်ပွဲတွင်တရားသဖြင့် ယှဉ်နိုင်အောင်ကြိုးပမ်းဆိုသည့် စိတ်ဓါတ်ထားရှိပြီး မိမိအသင်းအနိုင်ရရှိအောင် တရားမျှတစွာ ယှဉ်ပြိုင်ကြိုးစားကြရန် အားကစားသမားကောင်းစိတ်ဓါတ် ထားရှိပြီး အနိုင်အရှုံးသည်ပဓာန၊ ယှဉ်ပြိုင်ခြင်းသည် အဓိကဆိုသည့် ဆောင်ပုဒ်အတိုင်း ယှဉ်ပြိုင်မှု တိုင်းကို အလေးထားယှဉ်ပြိုင်ကြရန် ပြောကြားသွားသည်။
ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ တာဝန်ရှိ သူများတို့က ပြိုင်ပွဲဝင် အားကစားအသင်းများအား လိုက်လံနှုတ်ဆက်ကြ၍ ပြိုင်ပွဲဝင်အားကစား (၁၁) သင်းအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့က ဂုဏ်ပြုချီးမြှင့်ငွေ ကျပ် (၅၅) သိန်း အားပေးအပ်ရာ ပြိုင်ပွဲဝင်အားကစားအသင်းများကိုယ်စား ကိုးကန့်အသင်းမှ လက်ခံရယူ၍ အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီး ဘင်ခရာတပ်ဖွဲ့နှင့် Fitness Dance အဖွဲ့တို့မှ သရုပ်ပြအဖွဲ့တို့မှ ဖျော်ဖြေကြ၍ ပြည်နယ်ဝန်ကြီးချုပ်မှ ဂုဏ်ပြုချီးမြှင့်ငွေ တစ်ဖွဲ့လျှင် ကျပ် (၅)သိန်းစီ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ပြည်နယ်ဝန်ကြီးချုပ်ဖလား ကလပ်ပေါင်းစုံ ဖိတ်ခေါ်ဘတ်စကက်ဘောပြိုင်ပွဲကို ဧပြီ လ ၁ ရက်မှ ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင်အားကစား (၁၁) သင်း ပါဝင်ယှဉ်ပြိုင်ကြ ကြောင်းသိရှိရသည်။
သတင်း - မောင်မောင်သန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment