MNP - ဧပြီ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် မီးသတ်ဦးစီဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ယမန်နေ့ည ၇ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်အတွင်းရှိ မိဘပြည်သူများခင်များ ယခုအချိန်အခါသည် ပူပြင်း ခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မိမိနေအိမ်အတွင်း တပ်ဆင်ထားသော လျှပ်စစ်ကြိုးများ၊ ဝါယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ သစ်ပင်သစ်ကိုင်းများနှင့် တွယ်ညှိနေသော ဝါယာ ကြိုးများကို ဖယ်ရှားဆောင်ရွက်ရန်၊ မိမိနေအိမ်အတွင်းမီးလောင်လွယ် သည့်ဓာတ်ဆီ၊ ဒီဇယ်၊ လောင်စာဆီများကို သိုလှောင်မထားရန်၊ မိမိပတ်ဝန်းကျင်ရှိ အမှိုက်များကို စနစ်တကျစွန့်ပစ်ရန်၊ ဖယောင်းတိုင်မီး လျှပ်စစ်မီးများကို စနစ်တကျ ကိုင်တွယ်အသုံးပြုရန်၊ မိမိနေအိမ်အတွင်း မီးချိတ်မီးကပ်များ၊ သဲအိတ်ရေအိတ်များကို စနစ်တကျ ထားရှိရန်စသည့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို လိုက်နာ ဆောင်ရွက်ရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
သတင်း - ဟိန်းထက်လင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment