MNP - ဧပြီ ၁၉
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၌ ယမန်နေ့ နံနက်(၄)နာရီ ခန့်က လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်(၃၅)လုံး အပါအဝင် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် မိုးညှင်းမြို့နယ် မမုန်ကိုင်ကျေးရွာအုပ်စု၊ မိုင်းနောင်ကျေးရွာတွင် လူနေအိမ်(၂၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အထက(မိုင်းနောင်)နှင့် ကျေးလက် ကျန်းမာရေးဌာနတို့တွင် ခြံစည်းရိုးများပျက်စီးခဲ့သည်။
အလားတူ ရွှေလက်ပံကျေးရွာအုပ်စု ရွှေလက်ပံကျေးရွာတွင် လူနေအိမ်(၉)လုံး အမိုးလန် ပျက်စီးပြီး၊ အမက(ရွှေလက်ပံ)ကျောင်းတွင် ဝန်ထမ်းအိမ်ယာ(၂)ဆောင်တွင် အမိုးနှင့် ခြံစည်းရိုးများ ပျက်စီး၍၊ အမက(လယ်ပုံလေး)ကျောင်းတွင် ပြိုကျပျက်စီးခြင်းနှင့် ရွှေလက်ပံဘုန်းကြီးကျောင်းတွင် အမိုးလန်ပျက်စီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းများ တိုက်ခတ်မှုကြောင့် စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းတို့တွင် အမိုးလန်ပျက်စီးခြင်းအား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ရှင်းလင်းဆောင်ရွက်ပေးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာများ ရရှိမှုမရှိကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment