မြန်မာနိုင်ငံစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် လူမှုအကျိုးဆောင်ပုဂ္ဂိုလ်ကြီး ဦးသိန်းထွန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာနိုင်ငံစီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးနှင့် လူမှုအကျိုးဆောင်ပုဂ္ဂိုလ်ကြီး ဦးသိန်းထွန်း



မြန်မာနိုင်ငံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦး၊ ဘဏ်လုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး မြန်မာစာပေ ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ခဲ့သူလည်းဖြစ်သော Tun Commercial Bank Ltd ၊Myanmar Golden Star Co., Ltd နှင့် Myanmar Consolidated Media Co.,Ltd တို့၏ဥက္ကဋ္ဌ ဦးသိန်းထွန်းသည် ၂၀၂၂ ခုနှစ် ဧပြီလ ၁၈ ရက်တွင် ကွယ်လွန်ခဲ့ပါသည်။


ဦးသိန်းထွန်းသည် စီးပွားရေးလုပ်ငန်းဆိုင်ရာ နိုင်ငံတကာအတွေ့အကြုံ ကြွယ်ဝသူ၊ ဈေးကွက်စီးပွားရေးစနစ်၏ နည်းဗျူဟာ၊ မဟာဗျူဟာအပိုင်းများကို အထူးကျွမ်းကျင်သူဖြစ်ပြီး အမျိုးသားစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများကို အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သူဖြစ်သည်။ မြန်မာနိုင်ငံ၏ ဈေးကွက် စီးပွားရေးစနစ်အဖွင့်တွင် ကမ္ဘာကျော် ပက်စီကိုလာအချိုရည်ကို မြန်မာ့ဈေးကွက်သို့ တင်သွင်း၍ Pepsi-Cola Myanmar Product ကုမ္ပဏီထူထောင်ကာ မြန်မာအချိုရည် (Soft Drink) ဈေးကွက်ကို ဦးဆောင်နိုင်ခဲ့သူဖြစ်သည်။


ဦးသိန်းထွန်းသည် လူမှုစီးပွားဘဝ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထက်သန်စွာ ဆောင်ရွက်ခဲ့သူဖြစ်သည်။ ၁၉၉၄ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်းဘဏ် လီမိတက်ကို စတင်တည်ထောင်ခဲ့သည်။ ထွန်းဖောင်ဒေးရှင်း၏ ရည်ရွယ်ချက်မှာ ပြည်သူတို့၏ စားဝတ်နေရေးဖူလုံမှုအပြင် အသိပညာပြန့်ပွားရေး၊ ကျန်းမာသန်စွမ်းရေးတို့ကို ဖွံ့ဖြိုးစေရန်ဖြစ်သည်။ စာပေဝါသနာပါသူဖြစ်ပြီး စာဖတ်ခြင်းကို အထူးနှစ်သက်သည်။ မိမိနှစ်သက်သော စာအုပ်ကောင်းများကို အများပြည်သူအတွက် ဗဟုသုတဖြန့်ဝေလိုသော စေတနာဖြင့် ထွန်းဖောင်ဒေးရှင်း စာပေကော်မတီမှ စာအုပ်များ ထုတ်ဝေခဲ့သည်။ အထူးသဖြင့် ကျန်းမာရေး၊ စီးပွားရေးနှင့် ဘဝအမြင် ထက်သန်စေမည့် စာအုပ်များကို ဦးစားပေး ထုတ်ဝေခဲ့သည်။


မြန်မာစာပေလောက၏ ဖွံ့ဖြိုးရေးကို ပါဝင်ဖြည့်ဆည်းသောအားဖြင့် မြန်မာ စာကောင်းပေမွန်များကို ဖတ်ရှုသူ၊ ရေးသားသူ ပိုမိုတိုးပွားလာစေရန် ၂၀၀၆ ခုနှစ်တွင် ထွန်းဖောင်ဒေးရှင်း စာပေကော်မတီကို ဖွဲ့စည်း၍ ထွန်းဖောင်ဒေးရှင်း စာပေဆုများကို နှစ်စဉ် ရွေးချယ်ချီးမြှင့်ခဲ့သည်။ ၂၀၁၆ ခုနှစ်တွင် မြန်မာစာပေပညာရှင်များ၊ မြန်မာအဘိဓာန် ပညာရှင်များအကူအညီဖြင့် ထွန်းဖောင်ဒေးရှင်း အဘိဓာန် ၂ တွဲကို ပြုစုထုတ်ဝေခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Myanmar Consolidated Media Co.,Ltd ဥက္ကဋ္ဌအဖြစ် မြန်မာတိုင်းမ်သတင်းစာ (အင်္ဂလိပ်၊ မြန်မာ)နှင့် ပြည်သူအတွက် အကျိုးဖြစ်ထွန်းမည့် စာအုပ်စာပေများကို ထုတ်ဝေခဲ့သည်။ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်နှင့် ပူးတွဲ၍ စာပေဗိမာန်က ၁၉၅၄ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် မြန်မာ့စွယ်စုံကျမ်းတွဲ ၁၅ တွဲကို ပြန်လည်ဖြည့်စွက် တည်းဖြတ်ထုတ်ဝေရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။


ဦးသိန်းထွန်း၏ ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဘာသာရေး၊ ပညာရေးဆိုင်ရာထောက်ပံ့မှုအဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၊ ပရိယတ္တိစာသင်တိုက်နှင့် ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ပေးခဲ့သည်။ တက္ကသိုလ်ကောလိပ် ကျောင်းသား ကျောင်းသူ ၅၀ ကို နှစ်စဉ်ပညာသင်ဆု ရွေးချယ်ထောက်ပံ့ခဲ့သည်။ ပန်းချီအနုပညာပြိုင်ပွဲ၊ ပြပွဲနှင့် စာပေဆုများ ချီးမြှင့်ခြင်းနှင့် ထွန်းဖောင်ဒေးရှင်း မြန်မာ့အရင်းအမြစ် ဖွံ့ဖြိုးမှုစင်တာ စာကြည့်တိုက်ကိုလည်း တည်ထောင်ခဲ့သည်။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် မြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ်များ စတင်သောအခါ မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်းစနစ် ဖွံ့ဖြိုးရေးနှင့် နိုင်ငံတကာအဆင့်မီ ဘဏ်လုပ်ငန်းများ ဖြစ်ပေါ်စေရေးအတွက် အခြားဘဏ်လုပ်ငန်းရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်သည်။


ဦးသိန်းထွန်းသည် မြန်မာ့သမိုင်း စာအုပ်တွဲများနှင့် မြန်မာစာပေ သမိုင်းတွဲများ ထုတ်ဝေနိုင်ရေးအတွက် ပညာရှင်များနှင့် ဆောင်ရွက်ဆဲဖြစ်သည်။


ဦးသိန်းထွန်းကို မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် တညောင်ရွာတွင် အဘ ဦးဘထွန်း၊ အမိ ဒေါ်သိန်းညွန့် တို့က ၁၉၃၇ ခုနှစ် မတ်လ ၂၆ ရက်တွင် မွေးဖွားခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် (၈၆)နှစ်အရွယ်ရှိပြီ ဖြစ်ပါသည်။ ဇနီးဖြစ်သူမှာ ဒေါ်နယ်လီသန်း (ကွယ်လွန်)ဖြစ်ပြီး ကွယ်လွန်ချိန်တွင် သားသမီးသုံးဦးနှင့် မြေး ခြောက်ဦး ကျန်ရစ်ခဲ့သည်။


မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာစာပေဖွံ့ဖြိုးရေးနှင့် လူမှုအကျိုးဆောင်လုပ်ငန်းများကို ကြိုးစားဆောင်ရွက်ခဲ့သော ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည့် ဦးသိန်းထွန်း ကွယ်လွန်ခြင်းသည် အစားထိုးမရသော ဆုံးရှုံးမှုကြီး တစ်ခုပင် ဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)