MNP ၊ ဧပြီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့မြို့နယ်၊ မအီမြို့တွင် နှစ်သစ်ကူးအတာသင်္ကြန်အကြိုနေ့၌ မြို့ပေါ်ရပ်ကွက်နေပြည်သူများနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ မအီမြို့ရှိ လောကမဉ္ဇူတောရဓမ္မရိပ်သာအတွင်း၌ တည်ထားကိုးကွယ်သည့် ဆုတောင်းပြည့်လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ကမာကူရဂျပန်ကြေးသွန်းဘုရားကြီးနှင့် သျှစ်သောင်းပုထိုးပုံတူပုထိုးတော်တို့အား ဘုရားရေသပ္ပါယ်ပူဇော်ခြင်းကို သင်္ကြန်အကြိုနေ့ ယမန်နေ့ညနေပိုင်းအချိန်က ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဖော်ပြပါ လောကမဉ္ဇူတောရဓမ္မရိပ်သာရှိ ဆင်းတုတော်များနှင့် ပုထိုးတော်တို့မှာ ရတနာ့မာရ်အောင် တောရဓမ္မရိပ်သာများ၏ နာယကချုပ်၊ ပြည်တွင်းပြည်ပသာသနာပြုဓမ္မကထိက အဂ္ဂမဟာကမ္မဌာနစရိယဝနဝါသီ အရှင်ဝါယာမိန္ဒမှ ကြီးမှူး၍ (၇)ရက်သားသမီးတို့၏ ကောင်းမှုတော်များဖြင့် တည်ထားကိုးကွယ်ထားခြင်းဖြစ်ပြီး ဤသို့ဘုရားရှင်အားရည်မှန်း၍ ရေသပ္ပါယ်ခြင်းမှာ ရခိုင်လူမျိုးတို့၏ စဉ်လာမပျက် နှစ်စဉ်ကျင်းပသည့် ပူဇော်ပွဲတစ်ရပ်ဖြစ်ကြောင်းနှင့် နှစ်ဟောင်းမှ အညစ်အကြေးများကို နှစ်သစ်ကိုမသယ်ဆောင်စေလို၍ ရခိုင့်လူပျိုအပျိုများက ငွေဖလားတွင် နံ့သာဖြူနံ့သာနီ သပြေပန်းတို့ဖြင့် နှစ်သစ်အတာသင်္ကြန်ကာလတွင် ဘုရားရှင်အားရေသပ္ပါယ်ပူဇော်ခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ ရေသပ္ပါယ်ရာတွင် ဆင်းတုတော်ကြီးများ၏ မြင့်မား၍ လက်လှမ်းမမီသည့်နေရာအချို့ကို သန့်ရှင်းစင်ကြယ်သွားစေရန် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်များဖြင့် ဖြည့်ဆည်း၍ ရေသပ္ပါယ် ပူဇော်ကုသိုလ်ယူခဲ့ခြင်းဖြစ်ကြောင်း မီးသတ်ဦးစီးမှူး ဦးစောကျော်လင်းက ပြောကြားခဲ့သည်။
သတင်း - မောင်မောင်ဌေး
https://t.me/MyanmarNationalPost










No comments:
Post a Comment