ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များ ရှင်းလင်း ဆွေးနွေးပွဲ မြိတ်မြို့တွင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များ ရှင်းလင်း ဆွေးနွေးပွဲ မြိတ်မြို့တွင် ကျင်းပ

 





MNP - ဧပြီ   ၂၉

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု၊ မစမ်းပါးကျေးရွာအနီးတွင် ခိုင်ဇင်ယော် Trading Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စီမံကိန်းဆိုင်ရာ ရှင်းလင်း ဆွေးနွေးပွဲကို ဧပြီ(၂၉)ရက် နံနက်(၉)နာရီခွဲက  မြိတ်မြို့ မြန်အောင်ရပ် သဲကွင်း(၁)လမ်းရှိ မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သည်။

“ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာ ပုစွန်လုပ်ငန်းအနေနဲ့ ကုမ္ပဏီအတွက် အရမ်းအရေးကြီးပါတယ်။ စွန့်ပစ်တဲ့ရေတွေကြောင့် ပတ်ဝန်းကျင်မထိခိုက်အောင် ပုစွန်မွေးမြူရေးကန်မှာ ကျေးရွာမှ လုပ်ငန်းတွေကြောင့် ပုစွန်ကန် ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် အပြန်အလှန်ဆွေးနွေးပြီး အပြန်အလှန်ထိန်းသိမ်းလို့ရအောင် ဆွေးနွေးပွဲ ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ခိုင်ဇင်ယော် Trading Co.,Ltd အုပ်ချုပ်မှုဒါရိုက်တာ ဦးစန်းမောင်က ပြောသည်။

ရှင်းလင်းပွဲ၌ ခေတ်မီရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းနှင့် စီမံကိန်းဆိုင်ရာအချက်အလက်များကို ခိုင်ဇင်ယော် Trading Co.,Ltd မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစန်းမောင်က ရှင်းလင်းပြောကြားပြီး စီမံကိန်းနှင့်ပတ် သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း(Environmental Impact Assessment - EIA)  လုပ်ငန်းစဉ်တွင် ပါဝင်သော နယ်ပယ်တိုင်းတာ သတ်မှတ်ခြင်း (Scoping) လုပ်ငန်းစဉ်အား E Guard Environmental Services   အုပ်ချုပ်မှုဒါရိုက်တာ ဦးအေးသီဟ က ရှင်းလင်းပြောကြားသည်။

ထိုနောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ဒေသခံများ က သိလိုသည်များကို မေးမြန်း၍ အကြံပြု ဆွေးနွေးခဲ့ကြရာ ကုမ္ပဏီတာဝန်ရှိသူများက ပြန်လည်ဖြေကြား ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးပွဲသို့ မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်၊ ကျွန်းစုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံရပ်မိရပ်ဖများနှင့်ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ခေတ်မီရေငန်ပုစွန် မွေးမြူရေလုပ်ငန်းကို  ခိုင်ဇင်ယော် Trading Co.,Ltd မှ ပုစွန်ကန်(၃၄)ကန် မွေးမြူထုတ်လုပ်လျက်ရှိကြောင်း၊ ထုတ်လုပ်မှုအနေဖြင့် တစ်နှစ်လျှင် တန်ချိန် (၁၅၀၀)ဝန်းကျင် မွေးမြူထုတ်လုပ် လျက်ရှိကြောင်း၊ ပုစွန်ကန်တစ်ကန်လျှင် ပုစွန်သာပေါက်ကို နွေရာသီ၌ ကောင်ရေ တစ်သန်း နှစ်သိန်းထည့်၍ မိုးရာသီ၌ ကောင်ရေ တစ်သန်းထည့်ပြီး မွေးမြူကြောင်း၊ ပုစွန်မွေးမြူရာတွင် ပုစွန်ကန် တစ်ကန်လျှင် ရက်ပေါင်း (၉၀)မှ(၁၁၀) ကြာမြင့်ကြောင်း ကုမ္ပဏီမှ သိရသည်။   

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)