မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်(၉) ရပ်ကွက်သို့ နေ့စဉ်ရေပေးဝေရေးစနစ် (၃)ခုဖြင့် ရေဂါလံပေါင်း ၁၅ သိန်းကျော်ဖြန့်ဝေပေးနေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့ပေါ်ရှိ ရပ်ကွက်(၉) ရပ်ကွက်သို့ နေ့စဉ်ရေပေးဝေရေးစနစ် (၃)ခုဖြင့် ရေဂါလံပေါင်း ၁၅ သိန်းကျော်ဖြန့်ဝေပေးနေ




MNP - ဧပြီ    ၁၉

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် မြစ်ကြီးနား မြို့နယ် စည်ပင်သာယာရေးအဖွဲ့က သန့်ရှင်းသောသောက်သုံးရေ ဖူလုံစွာဖြန့်ဝေနေမှုနှင့် စပ်လျဉ်း၍ ယမန်နေ့ ညနေပိုင်းက ယင်းအဖွဲ့ရုံးတွင် ရှင်းလင်းဆွေးနွေးပွဲပြုလုပ်ရာ ရေပေးဝေရေး စနစ် (၃)ခုဖြင့် နေ့စဉ် မြို့ပေါ်ရပ်ကွက် (၉) ရပ်ကွက်သို့ ရေဂါလံပေါင်း ၁၅ သိန်းကျော် ဖြန့်ဝေပေးလျက်ရှိကြောင်း တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြချက်များအရ သိရသည်။

ထို့သို့ တင်ပြရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက လက်ရှိအချိန် ထိ မြစ်ကြီးနားမြို့တွင် မြို့ရေပေးဝေရေးအတွက် သီတာမြစ်ရေတင်နှင့် မြို့မမြစ်ရေတင် ရေပေးဝေ ရေးစနစ် (၂)ခု၊ မြစ်ကြီးနားမြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် ကျိန်ခရန်ချောင်းရေမှ တစ်ဆင့် ရေပေးဝေခြင်း စီမံကိန်းလုပ်ငန်းဖြင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ နေ့စဉ်ရေလိုအပ်ချက်နှင့် ဖြန့်ဝေ ပေးနိုင်သည့် ရေပဏာမတို့ကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

မြစ်ကြီးနားမြို့ ဧရိယာသည် ၄၁.၆၉ စတုရန်းမိုင်ကျယ်ဝန်းပြီး၊ မြို့ပေါ် ၂၈ ရပ်ကွက် အိမ်ခြေ ၃၅၀၀၀ ကျော်နှင့် မြို့လူဦးရေ ၂၃၀၀၀၀ ကျော်နေထိုင်လျက်ရှိရာ မြစ်ရေတင်စနစ်ဖြင့် မြို့ရေပေး ဝေဖြန့်ဖြူးရေးလုပ်ငန်းကို ၁၉၆၃ ခုနှစ်မှ စတင်သည့် သီတာမြစ်ရေတင်နှင့် ၁၉၆၄ ခုနှစ်မှ စတင်သည့် မြို့မမြစ်ရေတင်စနစ် (၂)တို့ဖြင့် မြို့ပေါ်ရှိ သီတာ၊ ဧရာနှင့် မြို့မ ၃ ရပ်ကွက်သို့ နေ့စဉ် ရေဂါလံ ၁၅၄၀၀၀ ဂါလံသာ ဖြန့်ဖြူးပေးနိုင်ခဲ့သည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များတွင် မြေအောက်ရေသုံးစွဲမှု များပြားလာမှုကြောင့် မြေအောက် ရေသုံး စွဲမှု လျှော့ချနိုင်ရေးနှင့် မြို့ပေါ်ရပ်ကွက်များအား တိုးချဲ့ရေပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ် ရှာဖွေခဲ့ပြီး ရေဂါလံ ၁၄၄၀၀၀၀ ဂါလံဖြန့်ဝေနိုင်သည့် ကျန်ခရန်ရေပေးဝေရေး တိုးချဲ့စီမံကိန်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ တရားဝင်ဖွံ့ဖြိုးမှု အစီအစဉ် (JICA ODA Loan) ဖြင့် ဆောင်ရွက်ခဲ့ရာ မြို့ပေါ် (၆)ရပ်ကွက်အထိ ထပ်မံတိုးချဲ့ပေးဝေနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မြစ်ရေတင်ဖြစ်သည့် သီတာနှင့် ဧရာရပ်ကွက်ရှိ မူလရေပေးရေး အစီအစဉ်အား ကျန်ခရန်ရေပေးရေးပိုက်လိုင်းနှင့် ချိတ်ဆက်ပေးဝေနိုင်ခဲ့သည့် အတွက် မြို့ပေါ်ရပ်ကွက် (၉)ရပ် ကွက်သို့ နေ့စဉ်ရေဂါလံပေါင်း ၁၅ သိန်းကျော် ဖြန့်ဝေလျက်ရှိကြောင်း သိရှိရပြီး မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့အနေဖြင့် ရေမီတာများတပ်ဆင်၍ ရေအသုံးချမှုအတွက် မြစ်ရေတင်စနစ်မှ တစ်ယူနစ် လျှင် ငွေကျပ် ၃၀၀ နှင့် ကျိန်ခရန်ရေပေးဝေရေးစနစ်အတွက် တစ်ယူနစ်လျှင် ၅၀၀ ကျပ်နှုန်း ကောက်ခံ၍ ဖြန့်ဝေပေးနေခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

သတင်း - မျိုးမြင့်စိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)