MNP - ဧပြီ ၃
ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးလျက်ရှိရာ တောင်ကြီးမြို့အတွင်းရှိ အသက်၁၈နှစ်နှင့်အထက် ဒေသနေ ပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် နိုင်ငံ့ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ဝင်များကို ဦးစားပေးအစီအစဉ်ဖြင့် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးတစ်ကြိမ်တခါမျှ မထိုးရသေးသည့် ပြည်သူများ၊ တောင်ကြီးမြို့ပေါ်ရှိ ပြည်သူ များကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းကြီးစု ရပ်ကွက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ပထမအကြိမ် ထိုးနှံပေးလျက် ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်း အဖွဲ့တို့က ကာကွယ်ဆေးထိုးရန် လာရောက်သည့် ပြည်သူများ အားစာရင်း ရေးသွင်းပေးခြင်း၊ စာရင်းမှတ်တမ်းရေးသွင်း ကောက်ယူခြင်းတို့ကို ဆောင်ရွက်ပေးပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးစစ်ဆေး၍ ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုင်းသန်းကျော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment