MNP - ဧပြီ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်နှင့်မြို့နယ်ရုံးများရှိ သတင်းလုပ်ငန်း လုပ်ကိုင်နေကြသူများနှင့် ဝန်ထမ်းများအား လုပ်ငန်းပိုမိုကျွမ်းကျင်မှုရှိလာစေရန်နှင့် သတင်းဝန်ဆောင်မှု လုပ်ငန်းများကို စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် သတင်းဓါတ်ပုံနှင့် အခြေခံသတင်းရိုက်ကူးရေးသားပေးပို့နည်း (ရက်တို)သင်တန်းကို မြိတ်ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာနမှာ ဖွင့်လှစ်လျက်ရှိသည်။
သင်တန်းတွင် သတင်း၏အဓိပ္ပာယ်ဖွင့်ဆိုချက်၊ သတင်းလိုက်ခြင်း၊ “ဘ”(၆)လုံး၊ သတင်းအခြေခံ ရေးသားခြင်း၊ သတင်းရေးသားရာတွင်သတိပြုရမည့်အချက်များ၊ သတင်းတန်ဖိုး၊ သတင်းအရင်းအမြစ်များ၊ တွေ့ဆုံမေးမြန်းခြင်းနှင့် သတင်းဓာတ်ပုံရိုက်ကူးခြင်း၊ သတင်း ဓာတ်ပုံနှင့်ကျင့်ဝတ်၊ Public Area တွင် သတင်းဓါတ်ပုံ ရိုက်ကူးခြင်း၊ သတင်းဓာတ်ပုံ ကောင်းရိုက်ကူးခြင်းနှင့် လိုအပ်ချက်များ၊ သတင်း/မှတ်တမ်းဓာတ်ပုံရိုက်ကူးရာတွင် ဆောင်ရန်/ရှောင်ရန်များနှင့် အင်တာနက်အသုံးပြု၍ သတင်းပေးပို့နည်းများ စသည့် သင်ခန်းစာများကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းကို မြိတ်ခရိုင်နှင့် မြို့နယ်ရုံးများမှ သတင်းလုပ်ငန်းဆောင်ရွက်နေကြသူများနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၈)ဦး တက်ရောက်လျက်ရှိပြီး သင်ခန်းစာများကို ဆွေးနွေးခြင်း၊ လက်တွေ့ဆောင်ရွက် ခြင်းများဖြင့် ပို့ချပေးလျက်ရှိသည်။ သင်တန်းကို ဧပြီ(၁)ရက်မှ(၃)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိတ်ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးယုဝါအောင်က သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များနှင့် ဝန်ထမ်းများအနေဖြင့် သတင်းဝန်ဆောင်မှုလုပ်ငန်းများကို ယခုထက်ပိုမိုကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - ခိုင်ထူး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment