MNP - ဧပြီ ၄
"လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်(မြောက်ပိုင်း)ခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းမှစတင်၍ ညနေ ၃ နာရီအထိ အမှတ် (၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်နေပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ရွှေပြည်သာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒုလဝကမှူး ဦးမြင့်သူနှင့်ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့် နိုင်ငံသားကတ်လျှောက်ထားသူများ၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားကတ်လျှောက်ထားသူများ၊ နိုင်ငံသားကတ်အသစ်လဲလှယ် လျှောက်ထာသူများ၊ နိုင်ငံသားကတ်ပျောက်ဆုံး/ ပျက်စီး လျှောက်ထားသူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက လာရောက်ကြသည့် ပြည်သူများ၏လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၊ ရွှေပြည်သာမြို့နယ် ဦးစီးမှူးရုံးတွင်လည်း " လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့ " ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကို နေ့စဉ် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
သတင်း - အေးမိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment