နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၏ တရုတ်ပြည်ခရီးစဉ်အတွင်း ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးနှင့် တရုတ်နိုင်ငံမှ ယွမ်သန်း (၆၅၀)ကို မြန်မာအတွက် ကူညီထောက်ပံ့သွားမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင် ၏ တရုတ်ပြည်ခရီးစဉ်အတွင်း ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေးနှင့် တရုတ်နိုင်ငံမှ ယွမ်သန်း (၆၅၀)ကို မြန်မာအတွက် ကူညီထောက်ပံ့သွားမည်




MNP ၊ ဧပြီ ၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိ၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အန်းဟွေး ပြည်နယ်၊ ဟွမ်းရှမ်မြို့သို့ ၃၁-၃-၂၀၂၂ ရက်မှ ၂-၄-၂၀၂၂ ရက်အထိ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည်။ 

ဟွမ်းရှမ်မြို့သို့ ရောက်ရှိနေစဉ်အတွင်း ၁-၄-၂၀၂၂ ရက် (၁၇ ၀၀) နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးဝဏ္ဏမောင်လွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံခြားရေးဝန်ကြီးများ ဦးဆောင်သည့် နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲတွင် ရှိရင်းစွဲ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ပိုမိုတိုးတက်ခိုင်မာရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက်အပြန်အလှန်အကျိုးရှိစေမှုအပေါ်မူတည်ပြီး  အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာစေရေး၊ တရုတ်နိုင်ငံ၊ ချုံချင်းမြို့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးထုတ်ကုန်များအတွက် နှစ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနှင့်  မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယာယီနယ်စပ်ဂိတ်နှင့် အမြဲတမ်းနယ်စပ်ဂိတ်တိုးမြှင့် ဖွင့်လှစ်သွားနိုင်မည့် အလားအလာများကို ရင်းနှီးစွာအမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ဒေသတွင်းနှင့် နိုင်ငံတကာ အကျိုးတူကိစ္စရပ်များ အထူးသဖြင့် ကုလသမဂ္ဂနှင့် အာဆီယံမျက်နှာစာတွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြပြီး အာဆီယံ၏ တူညီဆန္ဒ(၅)ရပ် ဆက်လက်အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ တစ်နိုင်ငံနှင့် တစ်နိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမပြုရေးမူဝါဒနှင့် အာဆီယံ ပဋိညာဉ်နှင့် အခြေခံမူများနှင့်အညီ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးမှ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေ၊ မြန်မာနိုင်ငံ၏ ဘက်စုံဖွံ့ဖြိုး တိုးတက်မှုအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက် (၉) ချက်နှင့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်တို့၏ တိုးတက်မှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။


နှစ်နိုင်ငံဆွေးနွေးပွဲအပြီးတွင် နိုင်ငံခြားရေးဝန်ကြီးများရှေ့မှောက်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန လက်ထောက်ဝန်ကြီး တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်နှင့် မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်များ လဲလှယ်ခဲ့ပြီး  နိုင်ငံခြားရေးဝန်ကြီးများက တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ချုံချင်းမြို့၌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကောင်စစ်ဝန်ချုပ်ရုံးထူထောင်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့သည်။


စီးပွားရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်အရ တရုတ်နိုင်ငံမှ ယွမ်သန်း (၆၅၀)ကို မြန်မာအတွက် ကူညီထောက်ပံ့သွားရန်ရှိကြောင်းနှင့် ငှက်ပျောသီး တင်ပို့ရန် အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောသီးတင်ပို့မှု အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးမှ တည်ခင်းဧည်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)