MNP - ဧပြီ ၂
မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်သူများ အကျိုးစီးပွားအတွက် အဓိကအရေးပါသော ကျေးလက်ထုတ်ကုန်များကို သယ်ယူပို့ဆောင်စရိတ် သက်သာစွာဖြင့် ဈေးကွက်သို့ အမြန်ဆုံးရောက်ရှိနိုင်စေရန်နှင့် ကျေးလက်လမ်း၊ တံတားများဖွံ့ဖြိုးတိုးတက်ကောင်း မွန်စေရန်အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ (၅)နှစ်တာကာလ အတွင်း ကျေးလက်လမ်းတံတားပေါင်း (၁၇၄၀)စင်းခန့် ဆောက်လုပ်ပေးနိုင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက သိရသည်။
“မကွေးတိုင်းဒေသကြီးအတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက မြို့နယ်အသီးသီးတွင် ကွန်ကရစ် လမ်း ၂၀.၃၄၂ ကီလိုမီတာ၊ ကတ္တရာလမ်း ၃၂၆.၃၆၉ ကီလိုမီတာ၊ ကျောက်ချောလမ်း ၁၄၈.၆၆၄ ကီလိုမီတာ၊ ဂဝံ/ဂျင်း ၅၅၀၄.၃၈၂ ကီလိုမီတာ ၊ မြေသားလမ်း ၉၁၂.၂၉၆ ကီလိုမီတာ၊ စုစုပေါင်း ၆၉၁၂.၀၅၃ ကီလိုမီတာခန့် ဖောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ပါတယ်။ ကျေးလက်တံတားအနေနဲ့ကတော့ ကွန်ကရစ်တံတား ၁၅၇ စင်း၊ သစ်သားတံတား ၆ စင်း၊ ဘေလီတံတား ၇၁ စင်း၊ ရေကျော် ၂၉၈ စင်း၊ Box Culvert ၁၀၂၈ စင်း၊ အခြား ၁၈၀ စင်း၊ စုစုပေါင်း ၁၇၄၀ စင်းခန့် ဆောက်လုပ်နိုင်ခဲ့ပြီး ဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသိန်းစန်းလှိုင်က ပြောပြသည်။
“၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မင်းဘူးခရိုင်အတွင်းရှိ မြို့နယ် (၅)မြို့နယ်၌ ကျေးလက်လမ်း အနေနဲ့ ကတ္တရာလမ်း ၁၆.၂၆၄ ကီလိုမီတာ၊ ဂဝံ/ဂျင်းလမ်း ၆၃.၄၉၈ ကီလိုမီတာ၊ စုစုပေါင်း ၇၉.၇၆၂ ကီလိုမီတာ၊ ကျေးလက်တံတားအနေနဲ့ ကွန်ကရစ်တံတား ၈ စင်း၊ ရေကျော် ၄ စင်း၊ Box Culvert ၈ စင်း၊ ဘေလီတံတား ၂ စင်း၊ အခြား ၈ စင်း၊ စုစုပေါင်း အစင်း ၃၀ကို လျာထားပြီးတော့ အကောင် အထည်ဖော်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ပြည်ပပို့ကုန် ၉၆ ရာခိုင်နှုန်းခန့်သည် ကျေးလက်ထုတ်ကုန်များဖြစ်ပြီး ကျေးလက်နေ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး အစရှိသည့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေး လမ်းပန်းဆက်သွယ်ရေးသည် အလွန်အရေးပါသည့်အတွက် ပြည်သူများ၏အခြေခံလိုအပ်ချက်များကို ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက နှစ်စဉ် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment