MNP - ဧပြီ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက် တောင်သူများ မွေးမြူထားသည့် ခိုင်းနွားများ၊ အသားတိုးမွေးမြူရေးနွားများ ယခုနှစ်တွင် ခွာနာ၊ လျှာနာအဖြစ် များနေပြီး ခိုင်းနွားများ ခွာနာ၊ လျှာနာအဖြစ်များနေခြင်းကြောင့် လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ချိန်၊ သိမ်းဆည်းချိန်တွင် လုပ်ငန်းခွင်မဝင်နိုင်ပဲ တတ်သလောက် မှတ်သလောက်ဖြင့် ကုသနေကြရကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာ တောင်သူ ဦးတင်ထွန်းအောင် မှ ပြောကြား၍သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် လက်ပံ့အိုင့်ကျေးရွာအုပ်စု၊ လက်ပံအိုင့်ရွာ၊ ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ ညောင်ဖြူပင်ကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ မုန့်ကုန်းကျေးရွာ များ၊ မန်ကျည်းတိုင်းကျေးရွာအုပ်စု၊ ကုန်းတဲရွာနှင့် ညောင်ချိုင်းအုပ်စု အမှတ်-၃၊ အမှတ်-၄ ကျေးရွာများရှိ ခိုင်းနွားများနှင့် အသားတိုးမွေးမြူရေးနွားများ ခွာနာ၊ လျှာနာ အဖြစ်များနေ ကြကြောင်းသိရသည်။ ကျွန်တော်တို့ရွာမှာတော့ ခိုင်းနွားတွေ ခွာနာ၊ လျှာနာဖြစ်နေတော့ ကြက်သွန်နုတ်သိမ်းချိန် ကြက်သွန်တိုက်ဖို့ အခြားရွာက နွားလှည်းတွေ ငှားပြီး ကြက်သွန်သိမ်း နေရတယ်၊ ခိုင်းနွားတွေ ခွာနာတာစဖြစ်ပြီး ခွာကြားမှာ လောက်ကောင်တွေတက်လာတယ်၊ လောက်ကောင်တွ သေစေဖို့ နေအပြင်းဆုံးပူချိန် ချောင်းထဲသွားပြီး ခွာကို နေပူသဲထဲ နစ်အောင် ထားပြီး နေပူသဲဖြင့် လောက်ကောင်တွ သေစေတယ်လို့ လဲဂွကျေးရွာတောင်သူ ဦးတင်ထွန်းအောင်မှ ပြောကြားသည်။ ခွာနာလို့ ခွာကြားမှာရှိတဲ့ အနာကို လျှာဖြင့်လျှက်ရာမှ လျှာပါ ကူးစက်မှုဖြစ်လာကြောင်း၊ နွားများ ခွာနာခြင်းကြောင့် လမ်းမလျှောက်နိုင်ဖြစ်ခြင်း၊ လျှာပါ ကူးစက်သွားခြင်းကြောင့် အစားအသောက် ပျက်သွားကာ ခိုင်းနွားများ ပိန်သွားခြင်း၊ အသားတိုးနွားများလည်း နွားကျောင်းချိန် မလိုက်နိုင်ခြင်းကြောင့် အိမ်မှာပင်ကျွေးထားပြီး မိရိုးဖလာနည်းဖြင့် ကုသနေကြသော်လည်း မပျောက်ကင်းပဲ လယ်ယာစိုက်ပျိုးကြဲပက်ချိန်၊ ရိတ်သိမ်း၊ နုတ်သိမ်းချိန် ခိုင်းနွားများခိုင်းမရခြင်းက ကျေးလက်တောင်သူများ စရိတ်စက ပိုမို ကုန်ကျစေကြောင်း၊ သက်ဆိုင်ရာ တိရစ္ဆာန် ကုသရေးဆရာဝန်များ လာရောက်သုတေသနပြုပြီး ဘာကြောင့် နွားအကောင်နှစ်ရာလောက် ခွာနာ၊ လျှာနာဖြစ်လည်း ကျေးရွာသူကျေးရွာသားများ မျှော်လင့်နေကြကာ အဆိုပါကျေးရွာများသည် လယ်ယာလုပ်ငန်းခွင်အတွက် မွေးမြူရေးနွားများ၊ အသားတိုးနွားများ မွေးမြူကြကာ မြေဆီ၊ မြေဩဇာအတွက် နွားများ မွေးမြူကြကြောင်း၊ ခိုင်းနွားများကို နွားစာကျင်းဖြင့်ကျွေးပြီး၊ မွေးမြူရေးနွားများအား ယာခင်းလွတ်များ၊ တောတောင်များတွင် လွတ်ကျောင်းစနစ်ဖြင့် နွားကျောင်းကြကြောင်း သိရသည်။
ခိုင်းနွားများနှင့် မွေးမြူရေးနွားများ ခွာနာ၊ လျှာနာဖြစ်နေသောကြောင့် သက်ဆိုင်ရာ မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် နယ်လှည့်ကွင်းဆင်းကုသ ပေးခြင်း၊ ကျေးလက်တောင်သူများ မွေးမြူထားသည့် တိရစ္ဆာန်များအား ဖြစ်တတ်သည့် ရောဂါ၊ အချိန် အခါအလိုက် ကျရောက်တတ်သည့် ရောဂါများကိုလည်း ကြိုတင်ကာကွယ်နိုင်အောင် ပညာပေး ဆွေးနွေးဟောပြောပွဲများ လာရောက်ဟောပြောဖို့ မျှော်လင့်နေကြကြောင်း သိရသည်။
သတင်း - ကိုထိန်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment