MNP - ဧပြီ ၁၇
မြန်မာလူမျိုးများသည် မြန်မာနှစ်သစ်ကူးအချိန်ကာလ နှစ်ဆန်းပိုင်းတွင် ပူဇော်ထိုက်သူကိုပူဇော်သည့် မင်္ဂလာတရားတော်နှင့်အညီ အသက်အရွယ်ကြီးသည့် အဘိုးအဘွားများအား ပူဇော်သည့်အခမ်းအနားကို နိုင်ငံအနှံ့တွင် ရိုးရာဓလေ့အဖြစ်ကျင်းပဆောင်ရွက်လျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် သာသနာ့ဗိမာန်တော်၌ ယနေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။
နှစ်သစ်ကူးအလှူအဖြစ် ခရိုင်စီမံအပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စေတနာရှင် အလှူရှင်များ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက် ငါးခုနှင့် ကန့်ဘလူဘိုးဘွားရိပ်သာမှ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်နှင့်ဧည့်ပရိသတ်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး မြို့ပေါ်ရပ်ကွက်များနှင့်ဘိုးဘွားရိပ်သာတို့မှ အဘိုးအဘွား ၁၂၄ ဦးတို့အား တစ်ဦးလျှင် ငွေကျပ် ၁၈၀၀၀ နှုန်းဖြင့် ပေးအပ်ပူဇော်ကြသည်။ ထို့နောက် အဘိုးအဘွားများ ကိုယ်စား အမှတ်(၃) ရပ်ကွက်မှအဘိုး ဦးလှအောင်က ဆုပေးကာ ဩဝါဒစကားပြောကြားခဲ့သည်။
အဆိုပါသက်ကြီးပူဇော်ပွဲတွင် အဘိုး ၁၀ ဦးနှင့်အဘွား ၈ ဦးတက်ရောက်ခဲ့ပြီး ကျန်အဘိုးအဘွား များအား ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကန့်တော့ငွေများကို အိမ်တိုင်ရာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment