နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် (၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲသို့တက်ရောက်ပူဇော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် (၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲသို့တက်ရောက်ပူဇော်




MNP - ဧပြီ    ၁၇

(၅၈) ကြိမ်မြောက် စစ်တွေမြို့လုံးကျွတ် ရခိုင်ရိုးရာသက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်-မြန်မာ သက္ကရာဇ် ၁၃၈၄-ခု၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ဦးဥတ္တမခန်းမ၌ ကျင်းပရာ စစ်တွေမြို့ပေါ်မှ သက်ကြီးအဘိုး၊ အဘွားများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများ၊ စစ်တွေမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကော်မတီဝင်များ၊ ယိမ်းအကအဖွဲ့များနှင့် အလှူရှင်များတက်ရောက် ပူဇော်ကြသည်။

ရှေးဦးစွာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲအခမ်းအနားကို ရခိုင်ရိုးရာမင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီစာရင်းစစ်မှူး၊ ဦးစံညွန့်က မင်္ဂလာဩဘာရတုဖြင့် ရွတ်ဆိုပူဇော်ကာ မြို့လုံးကျွတ်သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစံသာမောင်က သက်ကြီးပူဇော်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်က နှစ်သစ်ကူးနှုတ်ခွန်းဆက် စကားပြောကြားပြီး ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက သက်ကြီးပူဇော်ပွဲနှင့် ပတ်သက်၍ ဂုဏ်ပြု အမှာစကားပြောကြားသည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းအမှူးပြုသော ဧည့်ပရိတ်သတ်များက သက်ကြီးအဘိုး၊ အဘွားများအား လက်အုပ်ချီမိုး ဦးချပူဇော်ကန်တော့ကသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သက်ကြီးအဘိုး၊ အဘွားများအား မင်္ဂလာရေစင်ဖြင့် ပက်ဖျန်းပူဇော်ကြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းကြကာ မြို့လုံး ကျွတ်သက်ကြီးပူဇော်ပွဲကော်မတီနှင့် အလှူရှင်၊ စေတနာရှင်များက အဘိုး၊ အဘွားများအား အလှူငွေ နှင့်လှူဖွယ်ပစ္စည်းများကို လှူဒါန်းကြသည်။ ယင်းနောက် အပူဇော်ခံအဘိုး၊ အဘွားများကိုယ်စား အဘိုး ဦးစောစိန်က ဆုတောင်းမေတ္တာပို့ စကားပြောကြားပြီး မြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီ၊ ယဉ်ကျေးမှုကော်မတီမှ “အာရက္ခတဘောင်” ယိမ်းအကဖြင့် ဂါရဝပြုကပြ ဖျော်ဖြေပူဇော်ကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းတို့က သက်ကြီးပူဇော်ပွဲကျင်းပရေး ကော်မတီနှင့်ယိမ်းအက အဖွဲ့ဝင် လူငယ်များသို့ အလှူငွေနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သက်ကြီးပူဇော်ပွဲကျင်းပရေးကော်မတီမှ ယနေ့ခန်းမအတွင်းသို့ လာရောက်အပူဇော်ခံအဘိုး၊ အဘွား ၇၀ ဦးကိုပူဇော်ကြပြီး ရပ်ကွက်အသီးသီးနှင့် ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများကိုလည်း လှည့်လည် ပူဇော်သွားမည်ဖြစ်သည်။ စစ်တွေမြို့တွင် ရခိုင်ရိုးရာသက်ကြီး ပူဇော်ပွဲကျင်းပရေး ကော်မတီက အသက် ၈၀ နှင့်အထက် အဘိုး၊ အဘွားများနှင့် အသက်တစ်ရာနှစ်အထက် အဘိုး၊ အဘွား ၇ ဦးအပါအဝင် စုစုပေါင်း ၁၁၁၀ ဦး ကိုပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)