MNP - ဧပြီ ၅
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲကို ဥက္ကံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဧပြီလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့သည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသကြက်နှင့် ဒေသနွားမွေးမြူနည်း၊ နေဗီယာမြက်စိုက်ပျိုးရေးတို့ကို အသိပညာပေးဟောပြောခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စပါးစိုက်ပျိုးရာတွင် ကျန်းမာသန်စွမ်းသော ပျိုးပင်များရရှိစေရေး၊ စိုက်ပျိုးမြေပျက်စီးခြင်းမှကာကွယ်ရန် သဘာဝမြေဩဇာပြုလုပ်ပုံတို့ကို အသိပညာပေးဟောပြောပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ပေးခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ စိုက်ပျိုးရေးလုပ်ငန်းတွင် နည်းပညာသစ်စက်ကိရိယာများ ပိုမိုတိုးတက်သုံးစွဲနိုင်ရေးအတွက် ရှင်းလင်းပြောကြားခဲ့ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ ကျေးလက်ဒေသထုတ်ကုန်များ ဥပဒေနှင့်အညီ တိုးတက်ထုတ်လုပ်နိုင်ရေးအတွက် အသိပညာပေးဟောပြောခြင်း၊ လက်တွေ့သရုပ်ပြခြင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်လလျှင် ကျေးရွာ ၁၀ ရွာသို့ အရောက်သွားပြီး ယခုကဲ့သို့စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အသိပညာပေးဆွေးနွေးပွဲနှင့် လက်တွေ့သရုပ်ပြပွဲများကို လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းဌေး ထံမှသိရသည်။
သတင်း - ဇေယျာထွန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment