MNP - ဧပြီ ၂
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ရုပ်ရှင်လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲကိုယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက ရုပ်ရှင်လုပ်ငန်းရှင်များအနေဖြင့် ရုပ်ရှင် ရုံများ အမြန်ဆုံးဆောက်လုပ်နိုင်ရေးဆောင်ရွက်ရန်လိုအပ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲ များရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အကူအညီပေးရန်အသင့်ရှိကြောင်း၊ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်အောင်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ အခက်အခဲများရှိပါက ယခုတွေ့ဆုံပွဲတွင် တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ကြင်ကြင်သန်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲမှ ရုပ်ရှင် နည်းဥပဒေများအရ ရုပ်ရှင်ရုံလိုင်စင်ရယူ၍ ရုပ်ရှင်ပြသခြင်း၊ လုပ်ငန်းလုပ်ကိုင်ခွင့်ရုပ်ရှင်ရုံ လိုင်စင်ခွင့်ပြု ထားရှိပြီးဖြစ်ကြောင်း၊ ရုပ်ရှင်ပြသခွင့်လိုင်စင်သက်တမ်းတိုးရန်နှင့် ရုပ်ရှင်ရုံများ၏ လက်ရှိဆောင်ရွက် ထားရှိမှုများကို တင်ပြဆွေးနွေပေးရန်လိုအပ်ကြောင်း၊ ရုပ်ရှင်ပြသနိုင်ရေးအတွက်အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ရုပ်ရှင်လုပ်ငန်းရှင် ဒေါက်တာယုဝါက တွေ့ကြုံနေရသော အခက်အခဲများနှင့် လက်ရှိ ဆောင်ရွက်ထားရှိမှုအခြေအနေများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment