MNP ၊ ဧပြီ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် လိုအပ်သည့်အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး (Sanitary and Phytosanitary-SPS)ကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ သို့ဖြစ်၍ အဓိက အိမ်နီးချင်းဈေးကွက်ကြီးတစ်ခုဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး သဘောတူညီချက်များ လက်မှတ်ရေးထိုးနိုင်ရန်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနကကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့နိုင်ရန်အတွက် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင် သန့်ရှင်းရေး သဘောတူညီချက်အား ဧပြီ ၁ ရက် တွင်တရုတ်ပြည်သူ့သမ္မတနိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့(General Administration of Customs of the People’s Republic of China- GACC)နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရန် ဆန်၊ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွား အရှင်နှင့် ပြောင်းတင်ပို့နိုင်ရေးအတွက်အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာပိုးမွှားကင်းစင်ရေး(SPS) သဘောတူ စာချုပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့အကြား လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ရာ ယခုငှက်ပျောသီးကို တရားဝင်တင်ပို့နိုင်ရန်အတွက် ငါးကြိမ်မြောက် လက်မှတ် ရေးထိုးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ငှက်ပျောတန်ချိန် ရှစ်သိန်းခန့် တင်ပို့ နိုင်ခဲ့ပြီး ယခုလက်မှတ်ရေးထိုးသည့်သဘောတူ စာချုပ်အရ မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ် နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်ပို့နိုင်မည်ဖြစ်၍ မြန်မာ-တရုတ်နှစ်နိုင်ငံအကြားလယ်ယာထွက်ကုန်များ တရားဝင်ကုန်သွယ်မှု တိုးမြင့်လာမည်ဖြစ်ပြီး ငှက်ပျော စိုက်တောင်သူများ၏အကျိုးစီးပွားပိုမို တိုးတက်ကောင်းမွန်လာစေခြင်းသာမက စိုက်ပျိုးခုတ်သိမ်း တင်ပို့သည့်လုပ်ငန်းစဉ် တစ်လျှောက်လုံး တွင်ပါဝင်သူများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ ပိုမိုရရှိလာစေမည်ဖြစ်သည်။
အလားတူ မြန်မာနိုင်ငံမှထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥများ တင်ပို့နိုင်ရေးတို့အတွက် အပင်/ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး (SPS)နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ် ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အလားအလာရှိသော ပို့ကုန်အမယ် သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီး အစိမ်းတို့အတွက်လည်း လိုအပ်သည့် ပိုးမွှားရောဂါ ဆန်းစစ်မှုဆိုင်ရာ အချက်အလက်များကို နှစ်ဖက်ညှိနှိုင်းဖလှယ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment