MNP - ဧပြီ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပညာရေးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်၊ လူရွယ်များအား ဉာဏ်ရည် မြင့်မားရေးအတွက် စစ်တုရင်သင်တန်းကို ယနေ့နံနက်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့သည်။
အဆိုပါစစ်တုရင်သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်မြင့်မြတ်သီတာက နွေရာသီကျောင်းပိတ်ရက်တွင် လူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချစေလိုပြီး လူငယ်များ ဉာဏ်ရည်မြင့်မားရေးအတွက် ယခုကဲ့သို့ အားကစားသင်တန်းများကို ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး မွန်ပြည်နယ် စစ်တုရင်ဆပ်ကော်မတီ အတွင်းရေးမှူး ဦးမင်းလွင်ဦးက စစ်တုရင်သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းများ၊ လေ့ကျင့်ပျိုးထောင်ရမည့် အားကစား စိတ်ဓါတ်များအကြောင်း ပြောကြား ခဲ့သည်။
အဆိုပါသင်တန်းကို ဧပြီလ ၁၉ ရက်နေ့နှင့် ၂၀ ရက် နှစ်ရက်သင်ကြားပေးမည်ဖြစ်ပြီး အခြေခံပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၄ ဦး တက်ရောက်ခဲ့ကာ သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment