MNP - ဧပြီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၉ နာရီက ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြဝင်းက တက်ရောက်လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ကို ရှင်းလင်းပြောကြားခဲ့ပြီး မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က စာရေးဆရာ ဒေါက်တာကျော်စိန် ရေးသားသော လူငယ်လမ်းညွှန် စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ပြီး ဆရာက "ဒီစာအုပ်ထဲမှာ လူငယ်တွေရည်မှန်းချက်ပန်းတိုင်နဲ့ ပတ်သက်ပြီး မှုန်ဝါးဝါးဖြစ်နေသူများ၊ အပေါင်းအသင်းမှား၍ လမ်းပျောက်နေသူများအတွက် တော်သင့်မှန်ကန်သော လမ်းကြောင်းဖြောင့်ပေးရန်စတဲ့ အကြောင်းအရာများကို ရေးသားထားတာ ဖြစ်ပါတယ်"ဟု ဆက်လက်ဖတ်ကြား ဆွေးနွေးခဲ့ရာ Book Club အဖွဲဝင်များ၊ မြို့နယ်အတွင်းရှိ စာပေချစ်သူ စာဖတ်ပရိသတ်များနှင့်အတူ ၎င်းစာအုပ်ပါ အကြောင်းအရာများကို အမြင်ချင်းဖလှယ်ကာ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်၊၊
သတင်း - မြမြဝင်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment