MNP - ဧပြီ ၁၈
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမတွင် ယနေ့နံနက် (၁၀)နာရီအချိန်က ကျောင်းသူ ကျောင်းသားများအား နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အခမဲ့ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ နော်လော်မူက ကျောင်းသူကျောင်းသားများအနေဖြင့် အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ အသိပညာ၊ အတတ်ပညာ များဖွံ့ဖြိုးတိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေးများမြင့်မားစေရန်၊ ကိုယ်ပိုင် တီထွင်တတ်သည့် အတွေးအခေါ်စွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ နွေရာသီ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး သင်တန်းပန်းချီဆရာဦးစောဖရင့်(စ်)က ကလေးသူငယ်များအနေဖြင့် အခြေခံပန်းချီ ရေးဆွဲ လေ့ကျင့်သူတို့လိုအပ်ချက်ဖြစ်သည့် မျဉ်းအဓိပ္ပာယ်၊ မျဉ်းသဘောတရား၊ မျဉ်းအမျိုးအစားများ၊ မျဉ်းကြောင်း၊ ခဲတံချွန်ပုံ၊ ခဲတံကိုင်ပုံ၊ ပုံဆွဲခဲတံအကြောင်း၊ မင်တံလမ်းကြောင်း၊ ပုံကြမ်းရေးဆွဲခြင်း၊ လူနှင့်အချိုးအစား၊ သစ်ပင်ပုံ၊ လူပုံအနီးအဝေး၊ အရောင်များ၊ မူလအရောင်၊ ထပ်ဆင့်အရောင်၊ ပုံများရေးဆွဲခြင်းစသည်တို့ကို သင်ကြားပေးသွားမည်ဖြစ်ကြောင်းပြောကြားပြီး နွေရာသီ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းတွင်ကျောင်းသူ/ကျောင်းသား(၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - နော်နော်မူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment