MNP - ဧပြီ ၉
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နေပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာပေချစ်မြတ်နိုး သူများ ပိုမိုတိုးပွားလာစေရန်၊ မိဘများအတွက် ကလေးပြုစုပျိုးထောင်ရာတွင် အသိအမြင် ဗဟုသုတများရရှိစေရန်နှင့် လက်တွေ့ဘဝတွင် အသုံးချတတ်စေရန်ရည်ရွယ်၍ စာရေးဆရာ ဒေါက်တာ မေမွန်၏ “အကောင်းဆုံးတွေပဲဖြစ်စေချင်” စာအုပ်ဖြင့် ယနေ့နံနက် ၉ အချိန်ခန့်ကလူထုအခြေပြုဗဟိုဌာန ( Community Centre)ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဌေးလင်းဇော်က စာပေချစ် သူများအချင်းချင်း တစ်ဦးနှင့်တစ်ဦးအပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်ရှိစေရန်အတွက် စာဖတ်ဝိုင်းဆောင်ရွက်ရခြင်းနှင့် လူစာပေမှ အသိပညာဗဟုသုတများရရှိစေရန် စသည့် ရည်ရွယ်ချက်များ ရရှိစေရန်ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော (Book Club) အသင်းဥက္ကဋ္ဌ ဦးစိုင်းသစ်မှ မိဘများအတွက် အကျိုးပြုစေရန် “အကောင်းဆုံးတွေပဲဖြစ်စေချင်” စာအုပ်တွင်ပါရှိသော “မူကြိုတက် ဖို့အဆင်သင့်ဖြစ်ပြီလား” ခေါင်းစဉ်ပါ အကြောင်းအရာများ၊ နန်းမွန်းမွန်းမှ "မေမေနဲ့အတူစာဖတ်ရအောင်” ခေါင်းစဉ်များဖြင့် အပြန်အလှန်အကျဉ်းချုပ်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါစာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် တစ်လတစ်ကြိမ် လစဉ်ပုံမှန်ဆောင်ရွက်သွားမည့်အကြောင်းကို မိုင်းလုံမြို့ ပြန်/ဆက်ရုံးမှ တာဝန်ရှိသူ တစ်ဦးထံက သိရသည်။
သတင်း - ဇော်ဇော်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment