မြန်မာပြည်၏ တက္ကသိုလ်ပညာရေး ပျက်စီးကြောင်း ဖျက်စီးနေသူများအကြောင်း စတင်ပြောသူမှာ ဆရာကြီး ဒေါက်တာသန်းထွန်း ဖြစ်ပါသည်။ ၁၉၉၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် ဆရာကြီးဆုံးမစာက ထိုစဉ်က မည်သူမျှမပြောရဲချိန် ပြောခဲ့သောစကား ဖြစ်ပါသည်။ (သုတေသန ဖက်မှ အသက်ရှည်မယ်။ ခုတော့ သုတေသန ဆိတ်သုဉ်းနေပြီ။ တက္ကသိုလ်လည်း သေပြီပေါ့။ တက္ကသိုလ်ဆရာတွေ နားချိန်၊ အားချိန်မရအောင် စာရင်းလုပ်၊ ဘွဲ့နှင်း၊ အစည်းအဝေးထိုင်၊ နံရံထုံးရိုက်၊ မြောင်းဖော်၊ သစ်ပင်စိုက်၊ ဂုဏ်ထူးတန်းမှာ လူအပြည့်၊ ရိုးရိုးတန်းမှာ လူမရှိ၊ ကျမ်းကို အငှားရေး၊ ခရက်ဒစ်များများပေး၊ ဒါတွေ ငါမြင် ငါသိ။ တက္ကသိုလ် နင်တို့မဖျက်၊ ဘယ်ကောင်ဖျက်မလဲ)
ဆရာအို ဆုံးမစာ လိုချင်သည် ဆို၍ ဆရာကြီး ရေးပေးသည်ဟု သိရပါသည်။ ၎င်းစာကို ဆရာကြီး ဒေါက်တာတိုးလှအိမ်မှာ ဗီနိုင်းဖြင့် ချိတ်ထားရာ ၂၀၁၅ ဇန်နဝါရီက ဓာတ်ပုံရိုက်ယူခဲ့ပြီး စာနယ်ဇင်းလောကသို့ ဆရာကြီး လက်ရေးမူဖြင့် ကျွန်တော် စတင် တင်ပြခဲ့ပါသည်။ တက္ကသိုလ်ဆရာတို့ ပညာရပ်ဆိုင်ရာ ကျမ်းများ အငှားရေးကြောင်း၊ အငှားရေးပေးကြောင်း၊ ၂၀၀၀ ပြည့်လွန်နှစ်များက အသံထွက်ခဲ့ရာ ဆရာကြီးကတော့ စာဖြင့် မှတ်တမ်းတင်ခဲ့ပါသည်။
ဆရာကြီး ဒေါက်တာသန်းထွန်း၏ ဆုံးမစာအရ တက္ကသိုလ်ပညာရေးကို တက္ကသိုလ်ဆရာတွေပင် ဖျက်ဆီး၍ ပျက်စီးနေကြောင်း မြင်ရပါသည်။ ပါမောက္ခဆရာကြီး ဦးညိုမောင် ကမူ ၇-၂-၂၀၁၄ ဟစ်တိုင်ဂျာနယ်တွင် (စာရေးသူ၏ အယူအဆမှာ ပညာရေးအဆင့်နိမ့်ကျမှုဖြစ်စေသည့် ဖန်တီးမှုများ၊ တစ်နည်းအားဖြင့် တရားခံများထဲတွင် စာရေးသူကိုယ်တိုင် ပါဝင်ခဲ့သည်ဟု ခံစားမိပါသည်။ သို့ကြောင့် အားလုံးကို ဝန်ချတောင်းပန်ပါသည်။) ဟု ပွင့်လင်း ရိုးသားစွာ ဝန်ခံထားသည်။ ဆရာကြီး ဒေါက်တာဘိုးလှိုင်၊ ဒေါက်တာ တင်အောင်၊ ဒေါက်တာ ခင်မောင်ညို၊ ဒေါက်တာလှမိုး (ယခင် NLD အမတ်)၊ ကိုမာကျော (ကထိက) တို့ကလည်း တက္ကသိုလ် ပညာရေးအခြေအနေနှင့် မြန်မာပြည်လုပ် Ph.D တို့ အရည်အသွေး အာမခံမှု မရှိကြောင်း၊ စစ်တမ်းထုတ်ခဲ့ကြရာ ၂၀၁၄ခုနှစ်က ဒေါက်တာလှမိုးရေး (ပါရဂူနောက်ကြောင်းပြန်) ကို ဦးစွာ ထုတ်နှုတ် ပြပါသည်။
(၁) တစ်ရက်တည်းမှာတွင် စာမေးပွဲစစ်ဆေးသူ တစ်ယောက်တည်နဲ့ ပါရဂူဒေါက်တာဘွဲ့ ကျမ်း ငါးယောက်၊ ခြောက်ယောက် စစ်ဆေးပြီး၊ ဌာနတစ်ခုတည်းတင်၊ တစ်ရက်အတွင်း ပါရဂူဦးရေ ၂၀ စစ်ဆေး အအောင်ပေးပါတယ်။ တစ်နှစ်အတွင်း ပါရဂူဦးရေ (၈၀)လောက် မွေးထုတ်ပေးပါတယ်။ ပါရဂူ ဒေါက်တာဘွဲ့ စာမေးပွဲကို ပြင်ပစစ်သူမပါဘဲ စစ်ဆေးပြီးမှ စစ်ဆေးသူ ပါသယောင်ယောင်နဲ့ လက်မှတ် အတုရေးထိုးတာတို့ ဘယ်အချိန်က စစ်လို့ စစ်လိုက်မှန်း မသိတဲ့ ပါရဂူ ဒေါက်တာဘွဲ့ ကျမ်းဆိုတာ နှစ်စဉ်ကြားနေတာပါပဲ။ ဒီတော့ ပါရဂူ ဒေါက်တာဘွဲ့ ကျမ်း အရည်အသွေး ရှိ/မရှိ၊ နိုင်ငံတကာ စံချိန် မီ၊ မမီ ဆိုတာ ကိုယ်တိုင် ဆောင်ရွက်ခဲ့သူတွေ သိပါတယ်။ ဒီကြားထဲ ပညာတတ်ဟု မိမိကိုယ်ကို ခံယူထားသော၊ အရည်အချင်း မပြည့်ဝသော၊ စေတနာနည်းသော၊ တွေးခေါ်မျှော်မြင်မှုမရှိသော ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူး၊ ပါမောက္ခတွေက ဦးဆောင်ပြီး မြန်မာ့ပညာရေး ဖွံ့ဖြိုးတိုးတက်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်မယ်ဆိုပြီးတော့ အသံကောင်းတွေ ဟစ်နေတော့ ယုံကြည်မှု မရှိတာ အမှန်ပဲ ဟု ပြည်တွင်းဖြစ် ပါရဂူတို့ အရည်အသွေး ခန့်မှန်းနိုင်အောင် ၂၀၁၄ခုနှစ်က တင်ပြခဲ့ပါသည်။
(၂) ပါမောက္ခဆရာကြီး ဦးညိုမောင်လိုပင် (မြင်မြင်သမျှ ပါမောက္ခ၊ တွေ့ရတိုင်းသူ ပါရဂူ) ဆိုသည့် ပါရဂူဖောင်းပွရခြင်း တရားခံစာရင်းတွင် ဝန်ခံခဲ့သူမှာ ရူပဗေဒပါမောက္ခ ဆရာကြီး ဒေါက်တာတင်အောင် ဖြစ်ပါသည်။ ၅/၂၀၁၄ ချင်းတွင်း မဂ္ဂဇင်းပါ (ပညာရေး ဟိုကိစ္စ၊ သည်ကိစ္စ) မှ တင်ပြချက်ကို ထုတ်နှုတ်ပြပါမည်။
ပါရဂူသင်တန်း စတင်တဲ့ကာလမှာ ရူပသင်တန်းသား တစ်ဦးတည်းပါ။ သူ့ကို ဘွဲ့အတွက် နှုတ်မေးစစ်တော့ ကျွန်တော်ဟာ ပြင်ပစာစစ်ပါ။ ဒုတိယအသုတ်မှာလည်း တစ်ဦးတည်းပါ။ တတိယအသုတ်မှာ ၅ဦး။ တနေ့ ရုပ်သံမှာ ရန်ကုန်တက္ကသိုလ်ပါချုပ်၊ မန္တလေးပါချုပ်၊ ပညရေးကော်မတီဥက္ကဋ္ဌ ဦးခင်ညွန့်တို့ Video Conferencing မှာ ရန်ကုန်ပါချုပ်က သူ့တက္ကသိုလ်က ပါရဂူ(၇)ဦး ထုတ်လုပ်နိုင်ကြောင်း တင်ပြတော့ ဦးခင်ညွန့်ကျေနပ်သွားတယ်။ ဒီလိုနဲ့ ပါရဂူ (၃၅၀)အထိ ရှိလာတယ်။ ကျွန်တော်က ပါရဂူ (၅၀၀) ပြည့်သည်အထိ ပြင်ပစာစစ် လုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ နောက် ပါမောက္ခနဲ့ တွေ့လို့ မေးလိုက်တော့ တစ်ထောင်နီးပါးရှိပြီဆိုတယ်။ နောက်ဆုံး တစ်ထောင်ကျော်တော့မှ ပြင်ပစာစစ်က ရပ်နားလိုက်ပါတယ်။ ကျွန်တော်ကာတွန်း ဆွဲချင်တာက - လူနှစ်ယောက်တွေ့ကြ၊ ပထမလူက (ဟုတ်မှ ဟုတ်ရဲ့လားဗျာ၊ ပညာရေးမြှင့်တင်မယ့်လူတွေ ဒီပုဂ္ဂိုလ်တွေပါပဲလား)၊ ဒီတော့ နောက်တစ်ဦးက ပြန်ဖြေ (ဘာလဲ ပညာရေးကို အခုအခြေအနေဆိုက်အောင် လုပ်ခဲ့ကြတာလည်း ဒီလူတွေပဲ။ မြှင့်တင်ပေးမယ်ဆိုသူတွေကလည်း သူတို့ပဲဆိုချင်တာလား)
ဆရာကြီးဒေါက်တာတင်အောင်၏ တင်ပြချက်သည် NLD အမတ် ဒေါက်တာ လှမိုး ရင်ဖွင့်ပုံနှင့် တူပါသည်။
၃။ ဒေါက်တာဘိုးလှိုင်၏ စာကို ကြည့်ပါအုံး -
(M.Sc စာမေးပွဲ Thesis Defence = ကျမ်းပြုစာတမ်း စစ်ဆေးဖို့ နှုတ်မေးစာမေးပွဲအတွက် ကျောင်းသားတွေကို စာသင်ခန်းမထဲမှာ စောင့်ခိုင်းထားတယ်။ အလုပ်များနေလို့ တနေသာကုန်ရော မစစ်ဘူး။ မမေးဘူး။ ည ၇နာရီခွဲ ဆရာကြီး ရောက်လာပြီး "ကဲ မင်းတို့အားလုံးကို ဘွဲ့ပေးလိုက်ပြီ။ ဒီနေ့ကစပြီး မင်းတို့အားလုံး မဟာသိပ္ပံဘွဲ့ရတွေ ဖြစ်ပြီ။ တကယ်တော့ မင်းတို့ဘာမှ မတတ်ကြသေးဘူးဆိုတာ ဆရာသိသားပဲ။ ဒါပေမယ့် မင်းတို့ ဒီအတန်းကို လာတတ်ကတည်းက ဒီဘွဲ့လိုချင်လို့ ဆရာသည်းညည်းကို အမျိုးမျိုးခံပြီး တက်ခဲ့တယ်ဆိုတာ ဆရာသိတယ်။"
ဤကိစ္စသည် အလွန်အကျွံ စည်းပေါက်ခြင်းဖြစ်သည်ကို တက္ကသိုလ်နှင့် အလှမ်းဝေးသူများက သိချင်မှ သိမည်။ Thesis Defence ဆိုတာ နှုတ်မေးစာမေးပွဲ ဖြစ်ပါသည်။ (၁) စာစစ်အဖွဲ့နှင့် မျက်နှာစုံညီ စစ်ဆေးရပါသည်။ (၂) တက္ကသိုလ်ပြင်ပမှ ပညာရှင်ဖြစ်သူ ပြင်ပစာစစ် ပါဝင်ရပါသည်။ အထက်ပါ စာမေးပွဲမှာ ဘယ်မှာလဲ စာစစ်အဖွဲ့၊ ဘယ်မှာလဲ ပြင်ပစာစစ်။ အိန္ဒိယက ဆရာတစ်ယောက် ဖိတ်ခေါ်ပြီး တနေ့တည်း Ph.D Thesis ၄၇ ခု စစ်ဆေးပြီး ဘွဲ့ပေးပါသတဲ့။ အဲဒီ ပါမောက္ခကြီးပါပဲ။ အဲဒီ အချိန်မှာ အဲဒီပါမောက္ခချုပ်ကြီးက ဒီကနေ့ ပြုပြင်ပြောင်းလဲဖို့ အရေးပါသောကဏ္ဍမှာ လုပ်ဆောင်နေပါတယ်။
(၄) တက္ကသိုလ် ကထိက ဆရာကိုမာကျောက ၁-၁၀-၂၀၁၂ The Voice တွင် - (အင်္ဂလိပ်လိုလည်း မတတ်၊ ဗမာလိုလည်း နားမလည်တော့ပါဘူး) စာတွင် ဒေါက်တာဘွဲ့ရ ကထိကတို့၏ အရည်အချင်းနှင့် တက္ကသိုလ်ပညာရေးအခြေအနေ ဖော်ပြထားချက်မှ ကောက်နှုတ်ပြပါမည်။
(၂၀၀၀ ပြည့်လွန်ကာလက လူငယ်တွေက အခုတော့ လူကြီးဖြစ်။ တက္ကသိုလ်တွေမှာ ဆရာ၊ ဆရာမတွေ ဖြစ်။ တချို့ဆိုရင် အင်တာနက်ကနေ Plagiarism အလုပ်ကောင်း = သူတပါးအတွေးနှင့် စာများကူးချခြင်းမှာ တော်လို့ ပါရဂူဘွဲ့ကြီးများတောင် မျက်နှာပြောင်ပြောင်နဲ့ ယူပြ ဖော်ပြနိုင်ကုန်ကြပါပြီ။ ဒေါက်တာဘွဲ့ရ ကထိကတစ်ယောက်က Physiocrat ကို "မြေယာအဓိကစီးပွားရေးသမား" လို့ ဖော်ပြရမယ့်အစား "ရူပဗေဒလိုက်စားသူ"လို့ ဘာသာပြန်သင်သလို တွဲဖက်ပါမောက္ခတစ်ယောက်က "မြေပိုင်ရှင်"လို့ သင်ပြန်ရော။
အဲဒီလိုပညာရေးမျိုးမှာ အချောင်ပွပေါက်တိုးနေသူတွေကတော့ စာကူးချန်ပီယံ ပါရဂူဘွဲ့ရ ဂျူနီယာများစွာဟာ တွဲဖက်ပါမောက္ခနဲ့ ပါမောက္ခချုပ်ရာထူးကြီးတွေ အဆင့်ဆင့် တိုးမြှင့် ခံစားနေကြရပြီး အုပ်ချုပ်စီမံမှု လမ်းကြောင်းဟောင်းတွေပေါ်မှာ ဒုညွှန်မှူး၊ ညွှန်မှူး၊ ဒုညွှန်ချုပ်၊ ညွှန်ချုပ်နဲ့ ဌာနမှူးကြီး၊ ဝန်လေး၊ ဝန်ကြီး ရာထူးတွေ ခံစားရင်း တမွန်းတည့်တွေ၊ မွန်းတည့်မဆုံး ဖြစ်နေကြခြင်းပါပဲ။
ဆရာကိုမာကျောကတော့ တက္ကသိုလ်ပညာရေးပျက်စီးနေပုံကို အများဆုံးတင်ပြသည့်အပြင် ထိထိရှရှ ပြတ်ပြတ်သားသား တင်ပြသူ ဖြစ်ပါသည်။
(၄) ၂၄-၁၀-၂၀၁၉ 7Day Daily မှာ နေပြည်တော်တွင် တက္ကသိုလ်ဆရာများ ရာထူးတိုးအတွက် သုတေသနစာတမ်း ၂သောင်းကျော် စစ်ဆေးရာ Fake Paper, Copy Paper များ တွေ့ရကြောင်း ဖော်ပြထားသည်။ သုတေသနစာတမ်း အတု တင်သူများတွင် တွဲဖက်ပါမောက္ခအများဆုံး ပါဝင်ပြီး အစစ်အမှန် သုတေသနစာတမ်း ၃ခုသာ ရှိကြောင်း ရန်ကုန်တက္ကသိုလ် ကထိက ဒေါက်တာထွန်းထွန်းနိုင်က သူ၏ လူမှုကွန်ရက်မှာ ရေးထားသည် ဆိုပါသည်။ ၂၈-၁၀-၂၀၁၉ နေ့စွဲနှင့် မခိုင်ဝေဝေသွင် ကံ့ကော်မြေ ၏ လူမှုကွန်ရက်စာမျက်နှာတွင် စာတမ်းတစ်စောင်ကို ဒေါ်လာ ၂၅ဒေါ်လာမှ ၅၀အတွင်း အရောင်းအဝယ်ရှိကြောင်း၊ လူတစ်ဦးတည်း စာတမ်းအတု ၂၀ကျော် တင်ပြထားတယ်လို့ ဆိုပါတယ်။ မခိုင်ဝေဝေသွင် ရေးထားတာက ၂၀၀၀ ပြည့် မတိုင်ခင်က မဟာသိပ္ပံစာတမ်းတင်တဲ့ ဆရာမလေး စာကျက်နေတာ ဘာအတွက်လဲ မေးတော့ သူတင်မယ့် စာတမ်းအတွက် ကျက်နေတာတဲ့။ ကိုယ်ရေးထားတာ မသိဘူးလား မေးတော့ ကျွန်မ မရေးတတ်လို့ ဝယ်ထားရတာပါတဲ့။ အဲဒီ ဆရာမလေးဟာ ပညာရေးဌာနရဲ့ အရေးပါတဲ့ နေရာတနေရာ ရောက်နေပါပြီ။ အဆင့်မြင့်ပညာ တက္ကသိုလ်အသိုက်အဝန်း အတွင်းမှာ ဒီလိုပုံစံမျိုးတွေနဲ့ ဘွဲ့တွေရပြီး ဦးဆောင်မှု ပြုလုပ်နေသူတွေ ဘယ်လောက်များနေပြီလဲ။ ဒါမျိုးတွေ ဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။
ပေါပေါလောလောပေးတဲ့ Made in Myanmar ဒေါက်တာဘွဲ့တွေ ဖောဖောသီသီရခဲ့တော့ (သူယူ ငါယူ ပါရဂူ၊ မြင်မြင်သမျှ ပါမောက္ခ) လို့ သရော်လှောင်ပြောင်တာ မဆန်းဘူး။ တက္ကသိုလ်မှ စာပေသင်ကြားလေ့လာရေး၊ တက္ကသိုလ်ရဲ့ အဓိက သုတေသနပြုရေး ကိစ္စတွေကို ကျူရှင်ပြဖို့၊ ရာထူးတိုးဖို့ ကိစ္စလောက် စိတ်မဝင်စားကြပါဘူး။ မြန်မာ့ပညာရေးလောကဟာ အပျက် အပျက်နဲ့ နှာခေါင်းသွေး ထွက်နေဆဲ။ တကယ်တော့ စနစ်ဆိုတာ လူက ဖန်တီးတာပါ။ စနစ် အကောင်း အဆိုးဆိုတာ လူတွေကြောင့်ဖြစ်တာပါ ဟု တင်ပြထားသည်။
နိဂုံးကို လွှတ်တော်အမတ်မဖြစ်ခင် တက္ကသိုလ်ပညာရေးဖြစ်စဉ်တို့ကို ကွက်ကွက်ကွင်းကွင်း မြင်အောင်တင်ပြပြီး အမတ်ဖြစ်ပြီးနောက် ပျက်စီးနေသော တက္ကသိုလ်ပညာရေး၊ အခြေခံပညာရေးတို့အကြောင်း လွှတ်တော် ၅နှစ်သက်တမ်းအတွင်းမှာ နှုတ်ပိတ်နေခဲ့သော ဆရာဒေါက်တာလှမိုး၏ ပါရဂူနောက်ကြောင်းပြန် မှ စာဖြင့် နိဂုံးချုပ်ပါမည်။
(Ph.D ဘွဲ့ရရင် ပါမောက္ခဖြစ်ဖို့တော့ ကျိန်းသေပြီ အမေရဲ့။ အမေကုန်ခဲ့တဲ့ ငွေတွေ ပြန်ရဖို့နဲ့ အမေ့ကို လုပ်ကျွေးဖို့ ဖားရိုက်လိုက်အုံးမယ်။ ဖားရိုက်တယ်ဆိုတာ တက္ကသိုလ်လောကမှာ ကျူရှင်သင်တာကို ပြောတာပါ။ အဆင့်မြင့်ဦးစီးဌာနက တာဝန်ရှိသူတချို့ကို ထိုက်သင့်တာ စို့စို့ပို့ပို့ကန်တော့ရင် လိုချင်တဲ့ ပြောင်းချင်တဲ့ တက္ကသိုလ် ရနိုင်တယ်။ အဲဒီ တက္ကသိုလ်ရောက်ရင် ငွေသိန်းသုံးလေးဆယ်ကို Semester ၂ခု တစ်နှစ်လောက်အတွင်း ပြန်ရနိုင်တယ်အမေရဲ့။)
ဆရာဒေါက်တာလှမိုးစာက ဆရာမဒေါ်ခိုင်ဝေဝေသွင် ပြောသော တက္ကသိုလ်ဆရာတို့ ကျူရှင်သင်ဖို့သာ စိတ်ဝင်စားသည် ဟူသော အဆိုကို ထောက်ခံထားပါသည်။
ထို့ကြောင့် ဆရာကြီး ဒေါက်တာသန်းထွန်း၊ ဒေါက်တာတင်အောင်၊ ဒေါက်တာဘိုးလှိုင်၊ ဒေါက်တာလှမိုး၊ ပါမောက္ခဦးညိုမောင် စသူတို့ ရင်ဖွင့်တင်ပြချက်အရ မြန်မာပြည်ထွက်ကုန် ပါရဂူအစုံတို့သည် အတတ်ပညာတစ်ရပ်ရပ်တွင် အထူးကျွမ်းကျင်သူ၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုဘွဲ့ထူး ရသူဟု ဆိုသည်ကတော့ မသေချာ။ သေချာသည်ကတော့ တက္ကသိုလ်စာ ကောင်းစွာမသင်၊ သုတေသနတွင် မခင်မင်။ တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာကိုတော့ ကထိက၊ ပါမောက္ခ၊ ပါချုပ် အဟုတ် ဟန်လုပ်သင်၊ သင်ရိုးကုန် အထူးထုတ် ပြုလုပ်ရာမှာ ကျွမ်းကျင်ကြ၍ အဝေးသင်၊ Day သင် တက္ကသိုလ်ကျောင်းသားတွေအပေါ်ကော၊ အခြေခံပညာကျောင်းသားတွေအပေါ်မှာပါ ဖားရိုက်နေကြ၍ Money Hunter ငွေရှာ ငွေဖန်ကောင်းသူ ပါရဂူများ ဖြစ်သည်ဟု ကောက်ချက်ချမိပါကြောင်း။
ကိုဌေး (နတ်မောက်)
https://t.me/MyanmarNationalPost

No comments:
Post a Comment