မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ် ငွေကြေးအလွဲသုံးစားလုပ်မှုများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ် ငွေကြေးအလွဲသုံးစားလုပ်မှုများအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ


MNP ၊ မေ ၁၀

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်၏ လုပ်ငန်းဆောင်ရွက်မှုများတွင် အဂတိ လိုက်စားမှုများရှိနေသောကြောင့် ဥပဒေနှင့်အညီ အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။

စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဦးဘိုဘိုငယ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် ဒုတိယဥက္ကဋ္ဌတာဝန်ဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဌာနနှင့် စာရင်းဌာနတို့ကို ကြီးကြပ်ဆောင်ရွက်ခဲ့စဉ် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်များက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အမေရိကန်ဒေါ်လာ တစ်သောင်းထက်ပိုသည့် နိုင်ငံခြားသုံးငွေ လွှဲပြောင်းမှုများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံခြင်းနှင့် ငွေကြေးဆိုင်ရာမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့ခြင်းအတွက် ကြီးကြပ်ရန်တာဝန်ရှိကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ကာလအတွင်း နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရဘဏ်များက မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ Electronic Reporting System-ERS စနစ်ဖြင့် သတင်းပေးပို့ထားသည့် ပြည်ပမှ ဝင်ရောက်သည့် အမေရိကန် ဒေါ်လာတစ်သောင်းနှင့်အထက် ငွေလွှဲပြောင်းမှု အကြိမ်ပေါင်း ၂၉၀,၀၀၀ ကျော် (ငွေတန်ဖိုး အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၇၀,၀၀၀ ကျော်)ရှိကြောင်း၊ ၎င်းငွေလွှဲပြောင်းမှုများအနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံမှု ၃၅၂ ကြိမ်နှင့် ငွေကြေးဆိုင်ရာမှုခင်းနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့မှု ၉ ကြိမ်သာရှိခဲ့သဖြင့် နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားခွင့် လိုင်စင်ရ ဘဏ်များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန် ကြီးကြပ်မှုအားနည်းခဲ့ကြောင်း၊ ခွင့်ပြုချက်တောင်းခံခဲ့သည့် ငွေလွှဲပြောင်းမှုများအနက်မှ ၇ ခု (ငွေတန်ဖိုး အမေရိကန်ဒေါ်လာ ၇၃ သန်းကျော်၊ ဂျပန်ယန်း သန်း ၃၀ ကျော်၊ ယူရို ၁ သိန်းကျော်)ကို ကောက်နုတ်စိစစ်ခဲ့ရာ သက်ဆိုင်ရာ ပုဂ္ဂိုလ်နှင့်ကုမ္ပဏီများထံမှ တံဆိပ်ခေါင်းအခွန် တစ်မျိုးတည်းအတွက်ပင် နိုင်ငံတော်အနေဖြင့် ငွေကျပ် ၁၀၂ သန်းကျော် နစ်နာမှုဖြစ်ပေါ်ခဲ့ကြောင်း။

၂၀၁၈ ခုနှစ်အတွင်း Small and Medium Enterprises Development (SMED) ဘဏ်သို့ အမေရိကန်ဒေါ်လာ ၅ သန်း ဝင်ရောက်ခဲ့ရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ERS စနစ်ဖြင့် သတင်းပေးပို့ခဲ့သော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ကြီးကြပ်နိုင်ခြင်းမရှိဘဲ Open Society Myanmar-OSM ၏ ငွေစာရင်းသို့ ထည့်သွင်းပေးခဲ့ပြီး ယင်းငွေစာရင်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ သန်းကျော် နှင့်ညီမျှသည့် မြန်မာကျပ်ငွေ သန်း ၁၉၀၀ ကျော်ကို OSM တာဝန်ရှိသူများက ထုတ်ယူခဲ့ခြင်း၊ SMED ဘဏ်မှ OSM က ထုတ်ယူခဲ့သည့် မြန်မာကျပ်ငွေသန်း ၁၉၀၀ ကျော်အပေါ် ပြည်တွင်းအခွန်များဦးစီးဌာန၏ တွက်ချက်မှုအရ ဝင်ငွေခွန်တစ်မျိုးတည်းအတွက်ပင် ငွေကျပ် သန်း ၃၆၀ ကျော် ကောက်ခံနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရသော်လည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းခြင်းကြောင့် အခွန်ငွေမကောက်ခံနိုင်ဘဲ နိုင်ငံတော်၏ ဘဏ္ဍာငွေနစ်နာ ဆုံးရှုံးခဲ့ကြောင်း။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများက ချေးငွေရရှိသည့် အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို အတိုးနှုန်းပိုရသည့် ဘဏ်တွင် အပ်နှံရန် ဦးဘိုဘိုငယ်ထံ တင်ပြခဲ့သော်လည်း ၎င်းတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် စင်္ကာပူနိုင်ငံ SMBC ဘဏ်သို့ အပ်နှံစေခဲ့ရာ ဘဏ်နှစ်ခု၏ အတိုးနှုန်းနှိုင်းယှဉ်ချက်အရ နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၀ ဒသမ ၃၉ သန်းကျော် (ငွေကျပ် ၆၆၅ သန်းကျော်) နစ်နာဆုံးရှုံးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော်၊ ဥတ္တရသီရိ မြို့နယ်၊ ဘုရားကုန်းမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)