MNP - မေ ၁
မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ အထက(၁)ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရန်နှင့် ခြင်ကြောင့် ဖြစ်ပွားတတ်သော ကူးစက်ရောဂါအန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၆ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ ပူးပေါင်းအဖွဲ့က ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြီးကပ်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ ၊ နယ်မြေလုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်းအင်အား(၂၁၅)ဦးတို့က အထက(၁)ကျောင်းဝန်း အတွင်း/အပြင်ရှိ ပေါင်းမြက်များ ရှင်းလင်းခြင်း ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ၊ အမှိုက်သရိုက်များ ကောက်ယူရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို အမှိုက် သိမ်းယာဉ်ဖြင့် စနစ်တကျ စုပေါင်းရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။
ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို တောင်တွင်းကြီးတပ်နယ်မှ တပ်နယ်မှူးဗိုလ်မှူးချုပ်ထွန်းထွန်းနိုင်၊ နယ်မြေခံတပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးခဲ့ကြောင်း သိရပြီး ယခုကဲ့သို့ ပြည်သူ့အကျိုးပြုစုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို အပတ်စဉ်(စနေနေ့)တိုင်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ခိုင်ထွန်းထံမှ သိရသည်။
သတင်း - နိုင်ဝင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment