၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများစတင် - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံမှုများစတင်

 





MNP ၊ မေ ၂၆

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်း အဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှု သီတင်းပတ်အဖြစ် မေ ၂၆ ရက် ယနေ့မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းသား၊ကျောင်းသူများအား ကျောင်းအပ်နှံမှုလက်ခံခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း အသီးသီး၌ ကျောင်းအပ်လက်ခံခြင်းများကို ယနေ့နံနက်ပိုင်းမှ စတင်ဆောင်ရွက်လျက်ရှိသည်။


ယင်းသို့ ဆောင်ရွက်ရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေး ဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြသည်။


ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် ယနေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများ၌ ကျောင်းအပ်နှံသူ ၁၆၁၁၀၅၁ ဦး ရှိပြီး ကျောင်းများ၏ လုံခြုံရေး နှင့် ကျောင်းအပ်နှံမှု လက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်း အပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ် အသီးသီးမှ တိုင်းမှူးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)