MNP ၊ မေ ၁၆
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများအတွက် ၂၀၂၂ ခုနှစ် စိုက်ပျိုးစရိတ်ချေးငွေကို မေလ ၁၆ ရက်၊ နံနက်က ကျိုက်ထိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ စတင်ထုတ်ချေးပေးခဲ့ရာ တောင်သူများ အေးချမ်းစွာ လာရောက်ထုတ်ယူလျှက်ရှိကြောင်း သိရသည်။
ချေးငွေထုတ်ပေးရာတွင် မြိုနယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဦးသန်းထွန်း က ယခုနှစ် မိုးစပါးချေးငွေ ထုတ်ချေးပေးသွားမည့် အစီအစဉ်များ၊ ချေးငွေများပြန်လည် ပေးသွင်းရမည့်ကာလနှင့် အကြေပြန်လည်ပေးဆပ်ကြရေးဆွေးနွေးပြောကြားခဲ့သည်။
မိုးစပါးချေးငွေကို တစ်ဧကလျင် ကျပ် တစ်သိန်းခွဲနှုန်းဖြင့် တောင်သူတစ်ဦးလျှင် အများဆုံး ၁၀ ဧက အထိ ထုတ်ချေးပေးခြင်းဖြစ်ပြီး ယခင်နှစ်များက ပုံမှန် ၈ ရာခိုင်နှုန်းအတိုးမှ လက်ရှိအချိန်တွင် ၅ ရာခိုင်နှုန်းသို့ လျော့ချကာ ထုတ်ချေးပေးခြင်းဖြစ်ကြောင်း သိရသည်။
စိုက်ပျိုးစရိတ်ချေးငွေ ယူမည့်တောင်သူများအနေဖြင့် ပုံစံ ၇ အမည်ပေါက် ရှိရမည်ဖြစ်ပြီး ကျေးရွာအလိုက်ဖွဲ့စည်းပေးထားသည့် မိုးစပါးချေးငွေကော်မတီအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်တို့ ပါရှိမှသာ ချေးယူခွင့်ရရှိမည်ဖြစ်သည်။
အဆိုပါနေ့တွင် ကျိုက်ထိုမြို့နယ်အတွင်း ယခင်နှစ်များက မိုးစပါးနှင့် ဆောင်းသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို အကြေပြန်လည် ပေးဆပ်ခဲ့သည့် ကျေးရွာ (၄)ရွာ မှ တောင်သူ ၃၁ ဦးတို့၏ စိုက်ဧက ၂၄၁ ဧကအတွက် ချေးငွေကျပ် (၃၆၀၅၀၀၀၀/-) ကို မိုးစပါးစိုက်ပျိုးစရိတ်အဖြစ် ထုတ်ချေးပေး ခဲ့ကြောင်းသိရသည်။
သတင်း - ဝင်းမောင်(ကျိုက်ထို)
https://t.me/MyanmarNationalPost





No comments:
Post a Comment