လန်းသောပန်းတို့ နွမ်းစေမည့် ၄နှစ်သင် ပညာရေးဒီဂရီကောလိပ် (အပိုင်း-၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လန်းသောပန်းတို့ နွမ်းစေမည့် ၄နှစ်သင် ပညာရေးဒီဂရီကောလိပ် (အပိုင်း-၁)


မူလတန်းပြ ဆရာလေးဘဝမှ ပညာရေးတက္ကသိုလ်ပါမောက္ခဖြစ်သွားသူ ဆရာကြီးဦးထွန်းကြွယ်ကို အခြေခံပညာနယ်ပယ်က B.Ed ဘွဲ့ရသူတိုင်း သိကြပါသည်။ ဆရာကြီး ဦးထွန်းကြွယ်ကဲ့သို့ ပါမောက္ခမဖြစ်သော်လည်း မူပြဘဝမှ မြို့နယ်၊ တိုင်း (ပညာရေးမှူး) ညွှန်ချုပ်ဖြစ်သွားသူတွေလည်း ဒုနှင့်ဒေး။ အနိမ့်ဆုံးဝန်ထမ်း ကျောင်းတက်ဆင်း သံချောင်းခေါက် အထွေထွေ လုပ်သားဘဝမှပင် မြို့နယ်၊ တိုင်း ပညာရေးမှူးဘဝ တက်လှမ်းနိုင်သူတွေလည်း ရှိပါသည်။

ကျွန်တော်ဆိုလျှင် ၁၉၇၄ က ၁၀တန်းကို (ခ)အဆင့်မှအောင်၊ မူလတန်းပြ ဆရာသင်တန်း၊ ယခင်အခေါ် Teacher Training School - TTC တက်၊ မူပြ ဆရာလေးဖြစ်၊ ဆယ်တန်းပြန်ဖြေ (က)အဆင့်မှအောင်၍ ၁၉၇၇မှာ တက္ကသိုလ် စာပေးစာယူ ယခုအခေါ် အဝေးသင်တက္ကသိုလ်မှဘွဲ့ရ။ မူလတန်းကျောင်းအုပ်ဖြစ်၊ နောက် လယ်ပြ ရာထူးတိုး၊ B.Ed ထက်ပြသင်တန်းအတွက် ဝင်ခွင့်ဖြေ၊ ထက်ပြဖြစ်။ ထိုမှ ဝါသနာပါရာ ယခုအခေါ် ၂နှစ်သင် ဆရာဖြစ်သင်ကောလိပ် TTC မှာ နည်းပြဖြစ်၊ နောက်ဆုံး ကထိက ဘဝဖြင့် ပင်စင်ရ၊ အသက်ပြည့်သွား၍သာ TTC ကျောင်းအုပ်အထိပင် ဖြစ်နိုင်ပါသည်။ 

ကြွားဝါ ပြောခြင်းမဟုတ်ပါ။ ဘဝကို အောက်ခြေမှစသော်လည်း ကြိုးစားလျှင် အထက်သို့ တက်နိုင်ကြောင်းနှင့် ထိုသို့ ရောက်ရှိရန် တက်ရမည့်လှေကားထစ် စိတ်စိတ်ပေးရမည်ကို သိစေလို၍ တင်ပြခြင်းဖြစ်ပါသည်။

၁၉၄၈ မှ ၁၉၆၄ထိ တက္ကသိုလ်ဝင်ခွင့်သည် အမှတ်စနစ်မဟုတ်။ တက္ကသိုလ်၊ ကောလိပ် ၂နှစ်တက်၍ I.A, I.Sc တွင် ကိုယ်လိုချင်သော ပညာရပ် အဆင့်မီပါက ဆေးဆိုလျှင် နောက်ထပ် ၅နှစ်၊ စက်မှုဆိုလျှင် နောက်ထပ် ၄နှစ်၊ ပညာရေးဆိုလျှင် နောက်ထပ် ၃နှစ်တက်။ ပညာရေးရသူက B.A(Ed), B.Sc(Ed) ဘွဲ့ရ။ ထက်ပြဖြစ်။ ဆရာကြီး ဒေါက်တာခင်ဇော်၊ ဒေါက်တာရဲအောင်တို့သည် B.A(Ed), B.Ed, Ph.D ဖြစ်ရာ ၁၉၄၈-၆၄ စနစ်ဖြစ်သည်။ ၁၉၆၅တွင် B.A(Ed) စနစ်ပျက်ပြီး တက္ကသိုလ်ဝင်ခွင့် အမှတ်စနစ်ဖြစ်ရာ ၁၀တန်းအောင်ပြီး ပညာရေးဘွဲ့ B.Ed ၅နှစ်သင်တန်းစနစ် ကျင့်သုံးသည်။ 

၁၉၈၄တွင် ၅နှသစ်သင် စနစ်ဖျက်ကာ အလုပ်ခွင် B.A, B.Sc ဘွဲ့ရ မူ-လယ် ပြ ဆရာ/ ဆရာမများကို B.Ed သင်တန်းနဲ့ ဝင်ခွင့် ယှဉ်ပြိုင်ဖြေခိုင်းပြီး ၁နှစ် သင်ယူစေကာ၊ စာပေးစာယူဆိုလျှင် ၂နှစ် သင်ယူစေကာ B.A, B.Ed  (သို့) B.Sc, B.Sc(Ed) ဘွဲ့ပေးစနစ်ကျင့်သုံးရာ ၁၉၄၈မှ ၆၄ ပုံစံမျိုး ပြန်ဖြစ်သည်။ 

၂၀၀၁ မှစ၍ ထို၁နှစ်သင်စနစ်ပျက်ကာ ၁၉၆၅တုန်းကလို တက္ကသိုလ်ဝင်ခွင့် အမှတ်စနစ်ဖြင့် B.Ed ၅နှစ်သင်တန်း ပြန်ဖြစ်သည်မှာ ယနေ့ထိ ဖြစ်သည်။ ထိုစနစ် ၃ခုတွင် ၁၉၄၈-၆၄ ဆရာကြီး ဒေါက်တာခင်ဇော်တို့ စနစ်သည် အကောင်းဆုံးဖြစ်ပြီး ၁၉၆၅နှင့် ၂၀၀၁ ကျင့်သုံးသော ၅နှစ်သင်စနစ်သည် အညံ့ဆုံးဖြစ်သည်။ 

၅နှစ်သင်စနစ် ပြန်ပေါ်လာ၍ B.A, B.Sc ဘွဲ့ရ အလုပ်ခွင်မှ မူ-လယ် ပြ ဆရာတို့ ထက်ပြတက်လမ်း ပိတ်သွားသည်။ ပညာရေးနယ်ပယ်တွင် ထင်ရှားသော ဆရာကြီးဦးထွန်းကြွယ်သည် ၁၉၈၄ စနစ်မျိုးကြောင့် မူပြဘဝမှ ပညာရေးတက္ကသိုလ် ပါမောက္ခဖြစ်ခဲ့ရသလို ကျွန်တော်သည်လည်း မူပြဘဝမှ ဆရာအတတ်သင်ကောလိပ်မှာ ကထိက ဖြစ်ခဲ့ခြင်း ဖြစ်သည်။

၂၀၀၁ မတိုင်မီက မူ-လယ်ပြ ဆရာတို့ ဘဝတက်လမ်းပေးထားပုံကို ငယ်ဆရာကြီးကို သက်သေထား တင်ပြလိုပါသည်။ ကျွ်တော် ၄တန်းတုန်းက ငယ်ဆရာက လက်ထောက် မူပြဆရာ၊ ကျွန်တော်မူပြဖြစ်တော့ သူက မူလတန်းကျောင်းအုပ်၊ သူ့ကျောင်းမှာ ကျွန်တော်က သူ့လက်ထောက် မူပြဆရာ။ သူရော ကျွန်တော်ပါ ၁၀တန်း (ခ)အဆင့်မှ အောင်ထား၍ ပြန်ဖြေကြသည်။ ၁၉၇၆ မှာ ဆရာတပည့်နှစ်ယောက်လုံး (က) ဆင့်မှ အောင်။ စာပေးစာယူ တက္ကသိုလ်အတူတက်။ ဘွဲ့လည်း အတူရသည်။ ဘွဲ့ရချိန် ကျွန်တော့်အသက် ၂၅နှစ်၊ ငယ်ဆရာက ၄၅။ ကျွန်တော်က လုပ်သက် ၅နှစ်၊ သူက လုပ်သက် ၂၅။ ကျွန်တော်က B.Ed ဝင်ခွင့်ဖြေ၊ အောင်မှ ထက်ပြဖြစ်သော်လည်း ငယ်ဆရာက လုပ်သက်အရ ထက်ပြဖြစ်။ B.Ed စာပေးစာယူတက် အလယ်တန်းကျောင်းအုပ်ဖြင့် ပင်စင်သွားသည်။ ကျွန်တော်ဆရာအတတ်သင်ကောလိပ်တွင် နည်းပြဖြစ်လာသောအခါ ဆရာလောင်းလျာတို့သည် ၁၀တန်းအောင် ကလေးများဖြစ်သည်။ အမှတ်နည်းလို့ မူပြတက်ရတာ အားမငယ်ဖို့၊ ကျွန်တော့်ငယ်ဆရာဘဝ၊ ဆရာကြီးဦးထွန်းကြွယ်ဘဝ၊ ကိုယ့်ဘဝဇာတ်ကြောင်းပါ ထပ်လောင်းပြောကြားပြီး အားပေးခဲ့ပါသည်။ 

တက်ဖို့လှေကား၊ ဝင်ဖို့တံခါးဖောက် ပေးထားလျှင် တက်ရ၊ ဝင်ရမှာ ကိုယ့်တာဝန်ဖြစ်ကြောင်း၊ မူလတန်းပြဘဝမှာတင် ရပ်မနေဖို့ ကျွန်တော်တို့တုန်းကလို၊ ငယ်ဆရာကြီးလို အသက်(၄၀)ကျော်ကာမှ ၁၀တန်း (က)အဆင့်မှ ရအောင် ပြန်ဖြေပုံ၊ ဆရာကြီး ဦးထွန်းကြွယ်လို တဆင့်ပြီးတဆင့် မြင့်သထက် မြင့်အောင် တက်လှမ်းဖို့၊ မိမိဘဝကိုရော နိုင်ငံနှင့် လူမျိုးကိုရော အလှဆင်ဖို့ မူပြဆရာလောင်းလျာတို့ အားတက်အောင် တွန်းအားပေးခဲ့ပါသည်။

၂၀၀၅ မှ စ၍ ကျွန်တော့်အားပေးစကားတို့ အရာမဝင်တော့။ မူပြဘဝမှ B.A, B.Sc ရ။ လယ်ပြ အလွန်ဆုံးသာ မျှော်လင့်ချက် ရှိတော့သည်။ မူပြ၊ လယ်ပြတို့ တက်ဖို့လှေကား က တက်မရလောက်အောင် ကျဲသွားသလို၊ ဝင်ဖို့ ဝင်ပေါက်ကလည်း ဝင်မရလောက်အောင် ကျဉ်းသွားပြီ။ ယနေ့နှင့် နောင်လာမည့် မူပြ၊ လယ်ပြ ဘဝတို့ ကျွန်တော်တို့၊ ဆရာကြီး ဦးထွန်းကြွယ်တို့ ရခဲ့သည့် ဘဝတက်လမ်းစနစ်ကို ဘယ်လိုမှ မရနိုင်တော့။ ကြည့်ပါ။ B.Ed ခွဲတမ်းစနစ်က မူ၊လယ်ပြ ဆရာ/ဆရာမတို့ ရဖို့မလွယ်တော့။ B.Ed ဝင်ခွင့် ခွဲတမ်းမှာ (၁) သက်ကြီးဆရာများနှင့် ထက်ပြခန့်ထားပြီးသူတို့အတွက်၊ (၂) ရုံးအဖွဲ့အတွက်၊ (၃) လယ်ပြနှင့် မူအုပ်အတွက်၊ (၄) မူပြအတွက်၊ (၅) လိုအပ်ဘာသာရပ်အတွက် ဟု ဦးရေခွဲတမ်း သတ်မှတ်ထားရာ ကျွန်တော်တို့တုန်းကလို ယှဉ်ပြိုင်စနစ်မဟုတ်၍ B.Ed  ဝင်ခွင့်တက်လမ်း မမျှော်မှန်းနိုင်တော့ပြီ။ 

မြင်လွယ်အောင် ဥပမာဆောင်ပါမည်။ Aမြို့နယ်က မူ၊လယ် ဆရာ/ဆရာမတွေ B.Ed ၁နှစ်သင်တန်း စာပေးစာယူသင်တန်း ဖြေဖို့ကြိုးစားသည် ဆိုပါစို့။ Aမြို့နယ်မှာ လိုအပ်နေသည့် ဘာသာရပ်ခွဲတန်းက (သမိုင်း) ဆိုပါတော့။ သွားဖြေသူများတွင် သမိုင်းမဟုတ်သူများ ကိုယ်ဖြေသည့် ဘာသာမှာ အမှတ်ပြည့် ရနေစေဦး။ (သမိုင်း)မဟုတ်၍ B.Ed တက်ခွင့်မရ။ မိမိဖြေသည့်မြို့ (သို့) နှစ်တွင် ဘယ်ဘာသာရပ် ခွဲတန်းရှိသည်ဟု ကြေညာချက်ထုတ်ပေးရမည့် ပညာရေးဌာနက ဘာမျှ မညွှန်ကြား။ ဖြေပြီးမှသာ သူတို့လိုသည်ဆိုသည့် ဘာသာကြေညာကာ ခေါ်သွားသည်။ အဲဒီတော့ ပါနိုး၊ ပါနိုး မျှော်ကိုး သွားဖြေ။ ကျွန်တော်တို့၊ ဆရာကြီး ဦးထွန်းကြွယ်တို့ တုန်းကလို ယှဉ်ပြိုင်၊ နိုင်သူ B.Ed သွား စနစ်မဟုတ်၍ မြို့နယ်ခွဲတန်း မရှိလျှင် (သို့) အထက်အလိုကျ ဘာသာရပ်မဟုတ်လျှင် ၁၀နှစ် ၁၀မိုးဖြေ B.Ed တက်ရမည်မဟုတ်။ ၃နှစ်လောက်ဖြေ၍ မပါတော့ စိတ်မပါကြတော့။ သည်စနစ်က မူပြ၊ လယ်ပြ ဘဝတွေ မူပြ၊ လယ်ပြ ဘဝမှာတင်နေ၊ သေထားသော စနစ်၊ ကံ အခွင့်အလမ်းမသင့်၍ ဘဝကို အောက်ခြေမှ စရသူများကို အထက်သို့ တက်လှမ်းခွင့်မရအောင် လမ်းပိတ်ထားသော စနစ်။

ယခု ၄နှစ်သင် ပညာရေးဒီဂရီကောလိပ်ကလည်း အညွန့်တလူလူ တက်လမ်းရှိနေသော လူငယ်များကို မူပြ၊ လယ်ပြ ဘဝမှာတင် (နေ၍သေ) စနစ်ဖြစ်သည့်အပြင် ၄နှစ်နေပြီး တက္ကသိုလ်စာပညာ အသိအတတ်မရသော စနစ်ဖြစ်သည်။ ဆရာကြီး ဒေါက်တာခင်ဇော်တို့ခေတ် ၁၉၄၈-၆၄ စနစ်က ၄နှစ်မှာ ကိုယ်အဓိက ယူသည့်ဘာသာရပ်ပညာကို ကောင်းစွာ တတ်ကျွမ်းသည်။ ၂၀၀၁ မှ စခဲ့သော ၄နှစ်သင် ပညာရေးဒီဂရီကောလိပ်ဆင်းများမှာ B.A(Ed), B.Sc(Ed) ရသော်လည်း ဓာတု၊ ရူပ၊ သင်္ချာ သိပ္ပံဘာသာရပ်တစ်ခုခု၊ သမိုင်း၊ ပထဝီ၊ မြန်မာစာ ဝိဇ္ဇာဘာသာရပ်တစ်ခုခု အဓိကယူဘာသာ (Major Subject) မသင်ရသဖြင့် စာပေအသိအတတ်ပညာ = Academic Subjects such as history or chemistry = သမိုင်း (သို့) ဓာတု စသည့် ဝိဇ္ဇာ သိပ္ပံပညာ မတတ်မသိသော ၄နှစ်သင် အချိန်ကုန် ဒီဂရီကောလိပ်ဖြစ်သည်။ Ed ဆို၍ Education ပညာရပ် = Academic Subject မထင်ပါနဲ့။ ၄နှစ်လုံးလုံး မူလယ် ကျောင်းသား စာသင်နည်းဖြင့် အချိန်ကုန်စေမည်ဖြစ်၍ Ed သည် ပညာရပ် ဘာသာ မဟုတ်ပါ။


ဆက်လက်ဖော်ပြပါမည်။

ဦးဌေး (နတ်မောက်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)