MNP ၊ မေ ၁၂
မွန်ပြည်နယ်၊ သထုံမြို့ နယ်၊ ဒုံဝန်းကျေးရွာတွင် တိပိဋကသန္တာဝါသကျောင်းဆောင် မင်္ဂလာပန္နက်တော်တင် အခမ်းအနားကို ယနေ့ မေလ ၁၂ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ဒုံဝန်းကျေးရွာ ရတနာဇေယျုံကျောင်းတိုက်အတွင်း ဆောက်လုပ်လှူဒါန်းမည့် တိပိဋကသန္တာဝါသကျောင်းဆောင်အတွက် သထုံမြို့နေ အလှူရှင်မိသားစု တစ်စုမှ ပထမအကြိမ် မတည် လှူဒါန်းငွေကျပ် သိန်းပေါင်း ၄၀၀၊ ဒုံဝန်းကျေးရွာနေ မိသားစု တစ်စုမှ မတည်လှူဒါန်းငွေ ကျပ်သိန်း ၅၀ နှင့် ရပ်နီးရပ်ဝေးမှ စေတနာရှင်များမှ စေတနာသဒ္ဒါတရားအလျောက် အလှူ ငွေများထည့်ဝင်လှူဒါန်းထားသည်။
ရတနာဇေယျုံကျောင်းတိုက်တွင် လက်ရှိပရိယတ္တိစာပေများကို လေ့လာသင်ကြားနေသည့် တိပိဋကလောင်းလျာ အရှင်သူမြတ်များ သီတင်းသုံးနိုင်ရေးအတွက် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ပြီး ရပ်နီးရပ်ဝေးမှ လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ရတနာဇေယျုံကျောင်းတိုက် အကျိုးတော်ဆောင် ဥပသကာအဖွဲ့နှင့် ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း နိုးဆော်ထားသည်။
အဆိုပါတိပိဋကသန္တာဝါသကျောင်းဆောင်သည် အလျား ၅၀ ပေ၊အနံ ၅၀ ပေ အာရ်စီနှစ်ထပ်အဆောက်အဦးဖြစ်ပြီး ငွေကျပ် သိန်းပေါင်း ၁၃၀၀ ကျော် ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
သတင်း - ကိုကိုဦး
https://t.me/MyanmarNationalPost






No comments:
Post a Comment