MNP - မေ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် ရေအားလျှပ်စစ်စက်ရုံနှင့် ဓာတ်အားလိုင်းဖွင့်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ဟိုမိန်းမြို့အမှတ်(၃)ရက်ကွက်၌ ကျင်းခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ်တစ်ခွင်လုံးတွင် မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပေါင်းစုံလျှပ်စစ်ဓာတ်အား အသုံးပြုနိုင်အောင် ယခုကဲ့သို့ ရေအားလျှပ်စစ်စက်ရုံများ တည်ဆောက်ပြီး ဓာတ်အားဖြန့်ဖြူးပေးခြင်းစသဖြင့် နည်းလမ်းပေါင်းစုံအသုံးပြုကာ ဆောင်ရွာခဲ့ရာ ၂၀၂၁-၂၀၂၂ မီနီဘဏ္ဍာရေးနှစ်အပြီးထိ အိမ်ထောင်စုပေါင်း(၅၂.၆၉)ရာခိုင်နှုန်းအထိ လျှပ်စစ်ဓာတ်အား လွှမ်းခြုံဖြန့်ဖြူးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဟိုမိန်းဒေသတွင် တသွင်သွင်စီးဆင်းနေသည့် ဟွေခံမွန်ချောင်းရေကို နည်းပညာအကူအညီရယူပြီး ခက်ခက်ခဲခဲ ကြိုးပမ်းအကောင်အထည်ဖော် တည်ဆောက်ခဲ့ကြသဖြင့် ယခုဆိုလျှင် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးတစ်ခု ခန့်ညားဝံ့ထည်စွာ ပေါ်ပေါက်လာပြီဖြစ်ကြောင်း၊ မိမိတို့ပြည်နယ်အစိုးရအနေဖြင့် ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် ကျပ်(၉၈၅.၃၈၈)သန်း၊ ဓါတ်အားလိုင်းနှင့် ထရန်စဖော်မာတည်ဆောက်ရန် ကျပ်(၇၆၉.၄၉၉)သန်း၊ စုစုပေါင်းကျပ်(၁၇၅၄.၈၈၇)သန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အထိ ဘဏ္ဍာငွေရရှိအောင် ဆောင်ရွက်ခဲ့ပြီး ထောက်ပံ့ပေးနိုင်ခဲ့ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ၊ ဒုတိယအင်ဂျင်နီယာချုပ် ဦးထွန်းဝဏ္ဏက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြပြီး ဟိုမိန်းမြို့ဒေသခံ ဦးခွန်တိုးအောင်က ကျေးဇူးတင်စကားပြောကြားသည်။
၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဟိုမိန်းမြို့ရှိ ကျေးရွာများအတွက် LED မီး ဆိုလာပြားများနှင့် ပညာရေးအတွက် စာသင်ကျောင်းများကို ဗလာစာအုပ်တို့အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်လှမိုးတို့က ပေးအပ်ရာ ဒေသခံပြည်သူ ဦးခွန်တိုးအောင် မြို့နယ်အုပ်ချုပ်ရေးမှူး ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေအားလျှပ်စစ်စက်ရုံဖွင့်ပွဲ အထိမ်းအမှတ်အလံများ အမှတ်တရ ပေးအပ်ချီးမြှင့်ကာ ရေအားလျှပ်စစ်စက်ရုံဖွင့်ပွဲ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။
၎င်းနောက် စက်ရုံဆိုင်းဘုတ်အား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးပြီးနောက် စက်ရုံကမ္ပည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းပေးကာ စက်ရုံအတွင်းလှည့်လည်ကြည့်ရှုပြီး မီးလင်းမည့် စက်ခလုတ်ကိုနှိပ်၍ ဖွင့်လှစ်ပေးကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် လင်းခေးမြို့နယ်၊ ဟိုမိန်းမြို့တွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေများဖြင့် ဆောင်ရွက်မည့် လမ်းတံတားအားကြည့်ရှုရာ နယ်စပ်ဒေသဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရဲလွင်ဦးက ရှင်းလင်းတင်ပြခဲ့သည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နားမွန်းလုံကျေးရွာရှိ ဒိခိဏရာမ ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်အားဖူးမြော်ကာ လှူဖွယ်ပစ္စည်းနှင့် နဝကမ အလှူငွေများ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
သတင်း - မောင်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment