MNP - မေ ၂
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် မေလ (၁)ရက် နေ့လည် (၁)နာရီက China Exim Bank ပံ့ပိုးချေးငွေများ ကောက်ခံရရှိရေး အခြေခံ သမဝါယမ အသင်းများနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးဦးအောင်ဆန်းထွန်းမှ အခြေခံ သမဝါယမ အသင်းစုများအနေဖြင့် မြို့နယ် သမဝါယမအသင်းစုသို့ ပေးသွင်းရန် ကျန်ရှိနေသော ကာလလွန် ကြွေးကျန်များအားလုံး အမြန်ဆုံးပေးသွင်းကြရန် မှာကြားခဲ့သည်။
"ပေးသွင်းဖို့ကျန်ရှိတဲ့ ကာလလွန်ကြွေးကျန်တွေကို အခြေခံသမဝါယမ အသင်းတွေအနေနဲ့ အမြန်ဆုံးပေးသွင်းကြဖို့နဲ့ အခြေခံသမဝါယမအသင်းနဲ့ အသင်းသားများ ချုပ်ဆိုရတဲ့ ချေးငွေ စာချုပ်တွေကို သတ်မှတ်စာချုပ်နမူနာ ပုံစံများအတိုင်း ပြန်လည်စာချုပ် ချုပ်ဆိုထားကြဖို့ လိုအပ်ပါတယ် " ဟု ဦးစီးမှူး ဦးအောင်ဆန်းထွန်းမှ ပြောကြားခဲ့သည်။
အခြေခံ သမဝါယမအသင်းများအနေဖြင့် ပေးသွင်းရန် ကျန်ရှိနေသော ကာလလွန် ကြွေးကျန် များ ပြန်လည်ပေးဆပ်နိုင်ရေးကိစ္စနှင့် ပက်သက်၍ မြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးဇော်ဆိုင်းမှ "ကိုဗစ်ရောဂါကြောင့် စီးပွားရေးအဆင်မပြေကြသလို၊ လက်ရှိ နယ်မြေဒေသရဲ့ လုံခြုံရေး အခြေအနေတွေအရလည်း ကြွေးကျန်တွေကို သွားရောက်ကောက်ခံဖို့ အခက်အခဲ ရှိပါတယ်၊ ဒါပေမယ့် အသင်းမြို့နယ်စု ဥက္ကဋ္ဌအနေနဲ့ ချေးငွေပြန်လည်ရရှိဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်" ဟု ပြန်လည်နွေးပြောကြားခဲ့သည်။
အဆိုပါ (၁၆) ကြိမ်မြောက် China Exim Bank ပံ့ပိုးချေးငွေများအား ၂၀၂၁ခုနှစ်၊ နှစ်စပိုင်းမှ စတင်ကာ အခြေခံ သမဝါယမအသင်းများရှိ အသင်းသားများထံသို့ ကျပ်သိန်းပေါင်းလေးထောင်ကျော် ချေးငွေထုတ်ပေးခဲ့ရာ လက်ရှိအချိန်ထိ ကာလလွန် ချေးငွေရင်းနှင့် အတိုးကျန် စုစုပေါင်း ကျပ်သိန်းပေါင်း နှစ်ထောင့် နှစ်ရာကျော်ပေးသွင်းရန် ကျန်ရှိနေသေး ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။
သတင်း - မိုးသန္တာဦး
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment