MNP ၊ မေ ၃၀
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအား ကြိုဆိုထောက်ခံသောအားဖြင့် "ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ ဝိုင်းဝန်းကြိုးပမ်းကြပါစို့" စာသားပါ မြေစိုက်ပိုစတာများကို မြို့နယ်အလိုက် ပါတီရုံးများတွင် စိုက်ထူလျက်ရှိကြောင်း သိရသည်။
ယနေ့ USDP ၏ ထုတ်ပြန်ချက်အရ မင်းလှမြို့နယ်၊ ဇီးကုန်းမြို့နယ်၊ ပန်းတောင်းမြို့နယ်၊ ပေါင်းတည်မြို့နယ်၊ နတ်တလင်းမြို့နယ်၊ ပေါက်ခေါင်းမြို့နယ်၊ သဲကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးများရှေ့တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆောင်ရွက်မှုများထောက်ခံသော မြေစိုက်ပိုစတာစိုက်ထူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၏ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ဖိတ်ခေါ်ခဲ့ပြီး နောက်ပိုင်း USDP က ဦးဆောင်၍ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်များအား ကြိုဆိုထောက်ခံခြင်းနှင့် ပြည်ပစွက်ဖက်နှောက်ယှက်မှုများကို ကန့်ကွက်ရှုတ်ချပွဲများအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရွှေဘို၊ ပုသိမ်မြို့များတွင် ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုနှင့် ပတ်သက်၍ USDP ပြည်ထောင်စုနယ်မြေ ပါတီကော်မတီဝင် ဦးလှဆွေက "ဒီနေ့ ငြိမ်းချမ်းရေးမလိုချင်တဲ့သူတွေက ပစ်ခတ်တိုက်ခတ်မှုတွေ လုပ်နေတာပဲလေ။ ငြိမ်းချမ်းရေးလိုချင်တဲ့သူက ဒါမျိုးမလုပ်တော့ဘူးလေ။ အဲဒီတော့ ကျွန်တော်တို့က ဒါမျိုးမလုပ်စေချင်ဘူး။ အားလုံးငြိမ်းချမ်းစေချင်တယ်။ တပ်ချုပ်မျှော်မှန်းထားတာ ထာဝရငြိမ်းချမ်းရေး၊ အင်မတန် ကျယ်ပြန့်တယ်။ ဒါကို ကျွန်တော်တို့က part by part ဆောင်ရွက်ဖို့ ကျွန်တော်ကတော့ မြင်တယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မရဘူးဆိုရင်တောင်မှ part by part ငြိမ်းချမ်းရေးကို ဆောင်ရွက်သွားနိုင်တယ်ဆိုရင် ဒါအောင်မြင်တာပဲ။ အဲဒါမျိုး ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလေကောင်းလေပေါ့နော်။" မြန်မာနေရှင်နယ်ပို့စ်နှင့် တွေ့ဆုံမေးမြန်းစဉ်က ဖြေကြားခဲ့ဖူးသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအား တစ်ဖွဲ့ချင်း တွေ့ဆုံ၍ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးလျက်ရှိပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ မွန်ပြည်သစ်ပါတီ၊ KNU/KNLA(PC) တို့နှင့် တွေ့ဆုံဆွေးနွေး သဘောတူညီချက်များ လက်မှတ်ရေးထိုးခဲ့ပြီး "ဝ"ပြည် သွေးစည်းညီညွတ်ရေးပါတီ နှင့် ဆက်လက်ဆွေးနွေးလျက်ရှိသည်။
https://t.me/MyanmarNationalPost






No comments:
Post a Comment