မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် တောင်သူများ ဈေးကောင်းရရန်မျှော်လင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ နွေနှမ်းသီးနှံများ အောင်မြင်ဖြစ်ထွန်းပြီး သီးနှံပေါ်ချိန် တောင်သူများ ဈေးကောင်းရရန်မျှော်လင့်



MNP - ဇွန်  ၁၈


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၂ ခုနှစ်၊ နွေနှမ်းသီးနှံကို ဧကပေါင် ၂၃၀၀၀ ကျော် စိုက်ပျိုးထားပြီး အောင်မြင်ဖြစ်ထွန်းကာ သီးနှံပေါ်ချိန် တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။


နွေနှမ်းသီးနှကို အိုင်းမဆည်ရေ၊ မဲဇလီဆည်ရေ၊ လျှပ်စစ်မြစ်ရေတင်နှင့် မြေအောက်ရေများကို အသုံးပြုကာ ဧပြီလဆန်းပိုင်း မိုးစပါးများ မစိုက်ပျိုးမီ ကြားကာလတွင် လယ်မြေးများ၌ ကျဲပက်စနစ်ဖြင့် အများဆုံး စတင်စိုက်ပျိုးလေ့ရှိပြီး သိပ္ပံနှမ်းနက်နှင့် စမုံနက်နှမ်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် နှမ်းမျိုးစေ့ နှစ်ပြည်ခန့်ကုန်ကျကာ ရေသွင်း၊ ပေါင်းထိုး၊ ဆေးဖျန်း ဆောင်ရွက်ပြီးချိန် ရက်ပေါင်း ၉၀ နှင့် ၁၀၀ ကြားတွင် စတင်နှုတ်သိမ်းရပြီး အသီးကောင်းလျှင် တစ်ဧက ပျမ်းမျှအထွက်နှုန်း ၅ တင်းမှ ၁၀ တင်းခန့်ထွက်ရှိကြောင်း၊ နှမ်းသီးနှံပေါ်ချိန်တွင် မင်းဘူးမြို့ပေါ်ရှိ ပွဲရုံများသို့ သွားရောက် တင်ပို့ရောင်းချကြသလို စားသုံးဆီဈေးကောင်းတာကြောင့် ဆီကြိတ်၍လည်း ပြန်လည်ရောင်းချ ကြကြောင်း၊ ယခုစိုက်ပျိုးထားသော နွေနှမ်းများမှာ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး သီးနှံပေါ်ချိန်၌ တောင်သူများ ဈေးကောင်းရရန် မျှော်လင့်နေကြောင်း ကျောက်စစ်ပုံကျေးရွာမှ နွေနှမ်းစိုက်တောင်သူ ဦးဝေဠုက ပြောသည်။


မင်းဘူးမြို့ ပွဲရုံများတွင် ယခုလက်ရှိ စမုံနက် နှမ်းတစ်တင်းကို ငွေကျပ် ၇၀၀၀၀ နှင့်အထက် ပေါက်ဈေးရှိပြီး ဆီကြိတ်လျှင် နှမ်းတစ်တင်းကို ဆီ ၇ ပိဿာခန့် ထွက်ရှိကြောင်း၊ ယခုလတ်တလော စားသုံးဆီဈေးနှုန်း မြင့်တက်နေမှုကြောင့် ဆီကြိတ်၍ ရောင်းချပါက အမြတ်အစွန်း ပိုမိုရရှိပြီး နှမ်းဆီတစ်ပိဿာကို ငွေကျပ် ၁၂၀၀၀ ခန့်ဖြင့် ပြန်လည်ရောင်းချရကြောင်း မင်းဘူး(စကု)မြို့နယ်ရှိ နှမ်းစိုက်တောင်သူများထံမှ သိရသည်။


သတင်း - မောင်မောင်


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)