ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက စိုက်ပျိုးရန် လျာထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက စိုက်ပျိုးရန် လျာထား

 


MNP - ဇွန်   ၁၅


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆန်စပါးရိက္ခာ ဖူလုံစေရေးအတွက် ၂၀၂၂-၂၀၂၃ မိုးသီးနှံစိုက်ပျိုးရာသီတွင်  ဒေသခံတောင်သူများက မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ မိုးစပါးသီးနှံဧက ၆၉၀၉၄ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။


ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မဲဇလီရေလွှဲဆည်ရေကို အမှီပြု၍ စပါး၊ နှမ်း၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ ကုလားပဲ၊ နေကြာ၊ ပဲကြီး၊ ပဲစင်းငုံ၊ ဖူးစားပြောင်း၊ နှံစားပြောင်း စသည့် သီးနှံများကို စီးပွားဖြစ် အားထားစိုက်ပျိုးလုပ်ကိုင်ကြပြီး ဒေသခံတောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ လုံလောက်စွာ ရယူသုံးစွဲနိုင်အောင် သီးနှံစိုက်ခင်းများ အရောက် စနစ်တကျ ဖြန့်ဝေပေးသည့်အတွက် သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ဒေသခံတောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။ 


"ယခု ၂၀၂၂ -၂၀၂၃ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အနေဖြင့် ဒေသတွင်း ဆန်စပါး စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် မဲဇလီရေလွှဲ ဆည်ရေဖြင့် မိုးစပါးသီးနှံ ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ ဒေသခံတောင်သူများ သီးနှံအချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို တောင်မုန်းမြောင်းမကြီးနှင့် မြောက်မုန်းမြောင်းမကြီးတို့မှ တစ်ဆင့် စနစ်တကျ ဖြန့်ဝေပေးသွားမှာ ဖြစ်ပါတယ်။  မိုးစပါးသီးနှံ စိုက်ပျိုးရာတွင်လည်း ဒေသခံတောင်သူများ သီးနှံအထွက်နှုန်း တိုးတက်ကောင်း မွန်စေရေးအတွက်  အခြေခံစိုက်ပျိုးရေးနည်းစနစ်များကို ကွင်းတာဝန်ခံ ဝန်ထမ်းများက မြေပြင်ကွင်းဆင်းပြီး ကူညီ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်" ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ခံမြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။ 


ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံဧက  ၆၉၀၉၄ ဧက လျာထားစိုက်ပျိုး သွားမည်ဖြစ်ရာ  မဲဇလီရေလွှဲဆည်ရေဖြင့် ၆၀၄၂၈ ဧက၊ မင်းဘူး(စကု)မြို့နယ် အိုင်းမဆည်ရေဖြင့် ၂၆၅၆ ဧက၊ လျှပ်စစ်ရေတင်စနစ်ဖြင့် ၈၈၂ ဧက၊ အခြား ဆည်/ကန်စနစ်ဖြင့် ၃၀၂ ဧက ၊ ရေစုပ်စက်စနစ်ဖြင့် ၂၄၉၃ ဧက၊ မိုးကောင်းသောက်စနစ်ဖြင့် ၁၁၇၂ ဧက၊ စုစုပေါင်းမိုးစပါး သီးနှံဧက ၆၉၀၉၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ 


သတင်း - လှိုင်ဝင်းလေး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)