နွားထိုးကြီး မြို့မရဲစခန်း တာဝန်ရှိသူများသို့ မေတ္တာရပ်ခံခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နွားထိုးကြီး မြို့မရဲစခန်း တာဝန်ရှိသူများသို့ မေတ္တာရပ်ခံခြင်း



နွားထိုးကြီး ရဲစခန်းမှ တာဝန်ရှိသူများအား လေးစားစွာ မေတ္တာရပ်ခံလိုပါသည်။ ကျွန်တော်တို့ မြန်မာနေရှင်နယ်ပို့စ် အနေဖြင့် တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ချက်များကို ကြိုဆိုပါသည်။ အားပေးပါသည်။ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် လုပ်ဆောင်နေသူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းသည် ဥပဒေစိုးမိုးရေးအကောင်အထည် ဖော်ခြင်း မှန်ကန်သော်လည်း အပြစ်မဲ့ ပြည်သူများကို နိုင်ငံရေးပုဒ်မ တပ်၍ အတိဒုက္ခရောက်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်းမျိုးကတော့ မဖြစ်သင့်သည်ကို တာဝန်ရှိသူများအနေဖြင့် သတိပြုမိကြမည် ထင်ပါသည်။

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့မရဲစခန်းတွင်  ပ-၄၁/၂၀၂၂ ၊ ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဆီးထားသူ ၈ဦး ရှိပါသည်။ အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် ဦးမြင့်သန်းဆိုသူမှာ တပ်မတော်သား မိသားစုဝင် ဖြစ်ပြီး ဆူပူအကြမ်းဖက် လှုံ့ဆော်ခြင်းလည်း မရှိ၊ ပါဝင်ဆောင်ရွက်ခြင်းလည်း မရှိပါဘဲ ဖမ်းဆီးခံထားရသည့် အခြေအနေဖြစ်နေပါသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ယခုကာလအတွင်း ဥပဒေစိုးမိုးရေးကိုလိုလားပြီး တည်ငြိမ်အေးချမ်းစွာ နေထိုင်သော အပြစ်မဲ့ ပြည်သူများကို အမှုဆင် နှိပ်စက်၊ ထောင်ချခြင်းများ လုပ်ခဲ့သည်မှာ လွန်စွာ အရုပ်ဆိုးအကျည်းတန်သော လုပ်ရပ်များဖြစ်ခဲ့ပါသည်။

အလားတူဖြစ်စဉ်မျိုး မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ဦးဟန်ထွန်းဆိုသူ တပ်မတော်သား အငြိမ်းစားအား ရဲတပ်ဖွဲ့ဝင်များက လုပ်ကြံလီဆည်၍ ၅၀၅-က အမှုမြောက်အောင် ဖန်တီးကာ နံရိုး(၅)ချောင်း ကျိုးသည်အထိ ရိုက်နှက် နှိပ်စက်ပြီး CDM လှုံ့ဆော်သူဟု ခေါင်းစဉ်တပ်ကာ ထောင်ထဲပို့ခဲ့ကြပါသည်။ ဦးဟန်ထွန်းအား တရားစွဲဆိုခဲ့သော ၅၀၅-က မြောက်သည် ဟူသော စာသားကို ဦးဟန်ထွန်း၏ ဖုန်းအား ရဲတပ်ဖွဲ့ဝင်များက သိမ်းဆည်း၍ ရဲတပ်ဖွဲ့ဝင်များကိုယ်တိုင် ဖန်တီး ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ထိုသို့ မတော်မတရား ပြုကျင့်စော်ကားသည့်အပေါ် သက်ဆိုင်ရာ တာဝန်ရှိသူ အဆင့်ဆင့်ထံသို့ တင်ပြမှသာ ပြန်လည်လွတ်မြောက်လာခဲ့ပါသည်။ သို့သော်လည်း တရားဥပဒေစိုးမိုးရေး ရှုထောင့်မှ ကြည့်လျင် ဦးဟန်ထွန်းကို ၅၀၅-က ဖြင့် ထောင်ကျစေရန် ဖန်တီးရေးသားခဲ့သူ ရဲအရာရှိ၊ ရဲတပ်ဖွဲ့ဝင်များကို အရေးယူခြင်း မရှိခဲ့ပါ။ ယခုထိတိုင်အောင် ဦးဟန်ထွန်းမှာ ရဲအရာရှိနှင့် ရဲတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးချုပ်နှောင် ရိုက်နှက်နှိပ်စက်ခြင်းကြောင့် နံရိုးငါးချောင်းကျိုး ဒုက္ခိတအဖြစ်ဖြင့် ရှင်သန်နေရခြင်းက မြန်မာပြည်တွင် ဥပဒေမဲ့ လုပ်ရပ်ကို ဥပဒေစိုးမိုးရေးအတွက် တာဝန်ရှိသော ရဲတပ်ဖွဲ့ဝင်မျာကိုယ်တိုင်က ကျူးလွန်ခဲ့ခြင်းမှာ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို အရုပ်ဆိုး အကျည်းတန်စေခဲ့ပါသည်။

သဘောအားဖြင့် တိုင်းဖျက်ပြည်ဖျက် သာသနာဖျက် NLD အစွန်းရောက် ပြည်ပြေး လက်ပါးစေများကဲ့သို့ပင် ရဲတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်နှိမ်နင်းရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် အပြစ်မဲ့ ပြည်သူများကို နိုင်ငံရေးပြဿနာကို ခုတုံးလုပ်၍ ဒုက္ခပေးနေခြင်းဖြစ်ပါသည်။

နိုင်ငံတော်အကြီးအကဲများအနေဖြင့် PDF အကြမ်းဖက်အဖွဲ့အတွင်း ရောက်ရှိသွားသူများကိုပင် ကိုယ့်ပြည်သူများအပေါ် ငဲ့ညှာထောက်ထား၍ ပြန်လည်အလင်းဝင်ရောက်ရန် ဖိတ်ခေါ်နေသည့် ကာလဖြစ်ပါသည်။

ထိုသို့သော အခြေအနေတွင် နွားထိုးကြီး ရဲစခန်းတွင် နိုင်ငံရေးဆူပူအကြမ်းဖက်လှုံ့ဆော်ခြင်း မရှိဘဲ ဖမ်းဆီးထားသူကို အမြန်ဆုံး လွှတ်ပေးသင့်ပါသည်။ ဖမ်းဆီးခြင်း ခံထားရသော ဦးမြင့်သန်း၏ သမီးသည် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်နေလျှက်ရှိပါသည်။ အပြစ်မဲ့ ပြည်သူများကို အတိဒုက္ခရောက်အောင် ဖန်တီး၍ ကိုယ်ကျိုးရှာလိုသူများ၏ ဘဝနိဂုံးကိုလည်း အားလုံး မျက်မြင်ဒိဋ္ဌ တွေ့မြင်နေရသော ကာလဖြစ်ပါသည်။ 

နွားထိုးကြီး ရဲစခန်းတွင် ဖမ်းဆီးခံထားရသော ဦးမြင့်သန်းအား စွဲဆိုထားသော အမှုနှင့် ပတ်သက်၍ နိုင်ငံတော်အကြီးအကဲများထံသို့ အသနားခံတင်ပြခဲ့ပြီး ဖြစ်ပါသည်။ ပေါ်ပေါက်ခဲ့သော အပြစ်မဲ့ ဖမ်းဆီးခံရမှု အခြေအနေမျာကို သုံးသပ်မည်ဆိုက ရဲတပ်ဖွဲ့ဝင်များသည် တပ်မတော်သား မိသားစုဝင်များ၊ တပ်မတော်သားဟောင်းများအပေါ် နိုင်ငံရေးပြဿနာကို ခုတုံးလုပ်၍ ရည်ရွယ်ချက်ရှိရှိ အညှိုးတကြီး ဖမ်းဆီးနှိပ်စက် ဒုက္ခပေးနေခြင်းလားဟု သံသယဖြစ်မိပါသည်။

သက်ဆိုင်ရာ ဝန်ရှိသူများအနေဖြင့် ဥပဒေစိုးမိုးရေးကို အမှန်တကယ် အလေးထားသည်ဆိုပါလျှင်၊ ပြည်သူများအပေါ် ကျောသားရင်သား မခွဲခြားဘဲ တန်းတူသဘောထားသည်ဟု ဆိုပါလျှင် ကြီးလေးသည့် ပြစ်မှုကျူးလွန်ထားခြင်း မရှိဘဲ နိုင်ငံရေးပုဒ်မတပ်၍ ဖမ်းဆီးခြင်းခံထားရသော တပ်မတော်သား မိသားစုဝင် ဦးမြင့်သန်းအား အမြန်ဆုံး လွှတ်ပေးပါရန် မြန်မာနေရှင်နယ်ပို့စ် က အလေးအနက် မေတ္တာရပ်ခံ တိုက်တွန်း တောင်းဆိုပါသည်။


မြန်မာနေရှင်နယ်ပို့စ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)