ဆရာတော် အရှင်မင်းတရားသြဝါဒကထာမှ ခေါင်းဆောင်ကောင်စွမ်းရည်ကို ခံစားမျှဝေခြင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆရာတော် အရှင်မင်းတရားသြဝါဒကထာမှ ခေါင်းဆောင်ကောင်စွမ်းရည်ကို ခံစားမျှဝေခြင်း


ဦးဌေး (နတ်မောက်)

၂၅-၅-၂၀၀၈ ရက်နေ့ မစိုးရိမ်တိုက်ဟောင်း၌ ဆရာတော်ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ ဟောကြားသည့် ဦးကောဝိဒါဘိဝံသ တစ်လပြည့် တရား ပထမပိုင်းနှင့် ဒုတိယပိုင်းတွင် ဆရာတော်တို့ နှစ်ပါး အင်္ဂလိပ်စာအတူတူ သင်ယူပုံ၊ မစိုးရိမ်တိုက် ပညာရေးကျဆင်းမှုအတွက် စိုးရိမ်ထိတ်လန့်တုန်လှုပ်မှု ရခဲ့၍ မြင့်တက်အောင် မြှင်တင်ကြိုးပမ်းပုံနှင့် ၁၉၈၈ မန္တလေးလူထုနှင့် စစ်တပ် ပဋိပက္ခမဖြစ်အောင် အတူတကွ တားဆီးဆောင်ရွက်ပုံ၊ ထိုသို့ဆောင်ရွက်ပြီး ၂နှစ်အကြာ မန္တလေးထောင်မှာ အတူတကွ သီတင်းသုံးရပုံတို့ကို ခံစားရပါသည်။ နိဂုံး တတိယပိုင်းတွင် မစိုးရိမ်တိုက်သစ် နာယက ဆရာတော် ဦးကောဝိဒါဘိဝံသ၏ သာသနာအတွက်၊ မစိုးရိမ်တိုက်အတွက် ခေါင်းဆောင်ကောင်းပီပီ ဆောင်ရွက်ခဲ့ပုံတို့ကို ပြည့်ပြည့်စုံစုံ ဟောကြားထားရာ လေးမြတ်ကြည်ညိုရပါသည်။ နိဂုံး အစကို ဆရာကြီး ဇော်ဂျီ၏ သင်သေသွားသော် ကဗျာကို ချပေး၍ ဟောကြားပါသည်။

[ ကိုင်း လိုက်ဆိုစမ်း - (လူ့ပြည်လောက၊ လူ့ဘဝကား၊ အိုရနာရ၊ သေရဦးမည်၊ မှန်ပေသည်တည့်) အဲ မင်းတို့ အဲဒါ ဆရာဇော်ဂျီရေးတဲ့ ကဗျာ ဗျား။ အဲဒီ ကဗျာ က ဘုရားဟောတရားတော်နဲ့ ညီသလား၊ မညီဘူးလား။ (ညီပါ ဘုရား)။ ဥပနိယျတိ လောကော။ လောကော = သတ္တလောကသည် (ဝါ) သတ္တဝါမှန်သမျှသည် ဥပနိယျတိ = ဇရာ ဗျာဓိ မရဏဘက်သို့ တရွေ့ရွေ့ သွားပြီးတော့ နေတယ်တဲ့။ ဘုရားရှင်က ဟောတယ်။ အဲဒီ ဒေသနာနဲ့ ညီသလား/ မညီဘူးလား။ (ညီပါဘုရား)။ ဆရာဇော်ဂျီ က အဲဒီဒေသနာကြည့်ရေးတာကွ။ ဒါ ကဗျာ သံဝေဂ နဲ့ ဖွင့်တာ ခေါ်တယ်။ မင်းတို့ အတ္တ မာန ဒိဋ္ဌိ မကြီးအောင် ကဗျာကို သံဝေဂနဲ့ ဖွင့်လိုက်တာ။ ပြီးတော့မှ - (သို့တပြီကား၊ သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့ မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။) အေး တစ်နေ့ သေမှာပဲတဲ့။ မသေခင် ဘာလုပ်မလဲဆိုရင် သင်ဖွားသည့်မြေ ကိုယ့်ရဲ့ ဇာတိကျေးရွာ၊ ဇာတိရပ်ကွက်၊ ဇာတိမြို့ အခြေအနေ တိုးမြင့်အောင် လုပ်ကြ။ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြတဲ့။ ကောင်းသလား/ မကောင်းဘူးလား။ (ကောင်းပါဘုရား)။ ]

သင်သေသွားသော် ကဗျာသည် ၁၉၃၅ က ဆရာဇော်ဂျီ ရေးဖွဲ့ခဲ့သော ကဗျာဖြစ်ပါသည်။ ဆရာတော် အရှင်မင်းတရားသည် လောကီ လောကုတ် ၂ဖြာ သုတ ကြွယ်ဝလှ၍ အခြေအနေ အချိန်အခါနှင့်အညီ နိုင်ငံတိုင်း၊ လူမျိုးတိုင်းနှင့် လိုက်ဖက်သော ဆရာဇော်ဂျီ ကဗျာကို စံထားကာ ဟောပြောသည်ဟုလည်းကောင်း၊ ခေါင်းဆောင်ကောင်း ဖြစ်လိုလျှင် ဆောင်ရွက်ရမည့် တာဝန်ကို ညွှန်ပြလို၍လည်းကောင်း၊ သင်သေသွားသော် ကဗျာကို ဥပမာဆောင်ကာ ဟောကြားသည်ဟု ခံစားမိပါသည်။

[အခု ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဦးကောဝိဒက အဲဒီ လင်္ကာအတိုင်း သူလုပ်သွားတာ။ သူ့ရဲ့ဇာတိကျေးရွာမှာ သူငယ်စဉ်တုန်းက ဘုန်းကြီးကျောင်း ရှိတယ်။ နောက် ဂျပန်ခေတ်ကြတော့ အဲဒီဘုန်းကြီးကျောင်းက ပျက်စီးသွားတယ်။ အဲဒါ ပျက်စီးသွားတဲ့အတွက် သူက ငါနဲ့ တိုင်ပင်တယ်။ (ဦးဇင်း တပည့်တော်ဇာတိကျေးရွာမှာ ဘုန်းကြီးကျောင်းတောင် မရှိဘူး။ ဒီတော့ အဲဒါ တပည့်တော် ဘုန်းကြီးကျောင်းပြန်ပြီး တည်ထောင်ပေးချင်တယ်။) သူက အဲဒီလို ငါနဲ့ တိုင်ပင်တယ်။ (ဟာ ဦးဇင်း ကောင်းတာပေါ့။ စာသင်ကျောင်းမရှိရင် စာသင်ကျောင်း လုပ်ပေးရမယ်။ ဘုန်းကြီးကျောင်းမရှိရင် ဘုန်းကြီးကျောင်း လုပ်ပေးရမယ်။ ဦးဇင်းကောင်းတာပေါ့လို့) သူ့ရဲ့ဇာတိကျေးရွာမှာ ဘုန်းကြီးကျောင်းဖြစ်အောင် ဖန်တီးသွားတယ်။ ပြီးတော့ အမေရိကန်မှာလည်း မစိုးရိမ်တိုက်သစ်ဖြစ်အောင်လို့ သူဆောင်ကြဉ်းသွားတယ်။ ပြီးတော့ ရှမ်းပြည်မှာလည်း မစိုးရိမ်တိုက်၊ တိုက်ခွဲဖြစ်အောင် ဖန်တီးသွားတယ်။ ဒီမစိုးရိမ်တိုက်ကြီးအတွင်းမှာလည်းပဲ နှစ်ပေါင်း ၁၀၀ နီးပါး သံဃဆေးခန်းလို့ မရှိဘဲနဲ့ အခု သူ့ကျမှ သံဃဆေးခန်းလေး ဟိုနားဆောက်ထားတယ်။ ဆောက်ထားတော့ သူပျံလွန်တော် မူတော့ နယူးယောက် က အမေရိကန်က - ငါ့ဆီ ဖုန်းဆက်တယ်။ (ဆရာတော် တဲ့ ဆရာတော်ဦးကောဝိဒ က မစိုးရိမ်တိုက်သစ်ထဲမှာ ဆေးခန်းဆောက်ခဲ့တယ်ဆိုတာ ဟုတ်ပါသလား တဲ့) သူတို့က ဒီမရောက် ဖူးဘူး။ မရောက်ဖူးတော့ မသိဘူးပေါ့လကွာ။ (ဟုတ်တယ်လို့၊ ပြီးတာလည်းပဲ သိပ်မကြာသေးဘူးလို့) အေး အခြေတိုးမြှင့် ကျန်ကောင်းသင့်၏ - ဆိုတဲ့အတိုင်း တို့ မစိုးရိမ်တိုက်ကြီး နှစ်တစ်ရာ လွန်ခဲ့တဲ့ တန်ဆောင်မုန်းလက ပြည့်တယ်။ အဲဒီ နှစ်တစ်ရာမပြည့်ခင် သုံးလေးလ အလိုမှာ ဒီမစိုးရိမ်တိုက်ကြီးထဲမှာ သံဃဆေးခန်းဆိုပြီးတော့ ပြီးအောင်လုပ်သွားတယ်။ အဲဒါ သူက ဆရာဇော်ဂျီရဲ့ ကဗျာကို လက်တွေ့အကောင်အထည်ဖော်သွားတယ်လို့ မှတ်ထားဗျာ။ ကိုင်းလိုက်ဆို (သို့တပြီးကား ၊ သင်သေသွားသော်၊ သင်ဖွားသောမြေ၊ သင်တို့မြေသည်၊ အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။) အေး ကိုယ့်ရဲ့ ဇာတိကျေးရွာ၊ ဇာတိရပ်ကွက်၊ ဒါကို အခြေအနေတိုးမြှင့်ရုံနဲ့ ကျေနပ်မနေနဲ့တဲ့။ သင်တို့ မြေသည် မြန်မာတပြည်လုံးလည်း အခြေအနေတိုးမြင့်အောင် လုပ်ကြ။ ကောင်းသလား/ မကောင်းဘူးလား။ (ကောင်းပါ ဘုရား)။ မြန်မာပြည်ဆိုတာ တဘက်မှာ တရုတ်ရှိတယ်။ တဘက်မှာ ယိုးဒယားရှိတယ်။ တဘက်မှာ အိန္ဒိယရှိတယ်။ အဲဒီ သုံးနိုင်ငံကြားက မြန်မာတစ်ပြည်လုံးကိုလည်း အခြေအနေတိုးမြင့်အောင် လုပ်ကြတဲ့။ မကောင်းဘူးလား။ (ကောင်းပါဘုရား)]

ဤအပိုင်းကို နာယူရသောအခါ မြန်မာ့သမိုင်းတွင် ဆရာတော် သံဃာတော် မြတ်တို့သည် ဗုဒ္ဓဘာသာ သာသနာအတွက်ရော နိုင်ငံနှင့် လူမျိုးအတွက်ပါ အခြေတိုးမြင့်အောင် စွမ်းဆောင်ပေးခဲ့ကြသည်။ ပေးနေဆဲ၊ ပေးနေဦးမည်လည်း ဖြစ်သည်။ အင်္ဂလိပ်ကျွန်ဘဝ ရောက်ခဲ့စဉ် နယ်ချဲ့အင်္ဂလိပ်အစိုးရက နိုင်ငံချစ်စိတ်၊ လူမျိုးချစ်စိတ်၊ ဇာတိမာန် ရှင်သန်စိတ်တို့နှင့် ဗုဒ္ဓသာသနာရောင်ဝါ ညှိုးမှိန်နွမ်းခြောက်သွားအောင် လုပ်ဆောင်ခဲ့သော်လည်း ဆရာတော် ရှင်ရဟန်းတို့ ရှေ့တန်းကနေ ကာကွယ်ခဲ့၍ အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းနိုင်သော နိုင်ငံ၊ လူမျိုးအဖြစ် မော်ကွန်းထိုးနိုင်ခဲ့သည်။ ကျီးသဲလေးထပ်ဆရာတော်ဘုရား၊ သင်္ဂဇာဆရာတော်၊ လယ်တီဆရာတော်၊ ဆရာတော်ဦးဥတ္တမ၊ ဦးဝိစာရ စသည့် ဆရာတော်တို့သည် ထင်ရှားဥပမာများ ဖြစ်ပါသည်။ ပစ္စုပ္ပန်တွင်လည်း ဆရာတော်အရှင်ဉာဏိဿရ၊ ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ၊ ဗန်းမော်ဆရာတော်ဘုရား၊ တိပိဋကဓက ယောဆရာတော်ဘုရား စသည့် ကျေးဇူးတော်ရှင် သံဃာတော်မြတ်တို့ကလည်း မြန်မာ့မြေသာယာတိုးတက်ရေး အားစိုက်ဆောင်ရွက်တော်မူနေကြပါသည်။ ဆရာတော် သံဃာတော်မြတ်တို့သာ လောကီ၊ လောကုတ် နှစ်လီ၏ အခြေတိုးမြင့်အောင် ဆောင်ရွက်ခဲ့သည်ကို အတိတ်သမိုင်းတွင်ရော၊ ပစ္စုပ္ပန် သမိုင်းမှာပါ တွေ့မြင်နိုင်ပါသည်။ ဆရာတော်ဦးရာဇဓမ္မာဘိဝံသ၊ ဦးကောဝိဒါဘိဝံသ တို့ ဆောင်ရွက်ခဲ့ပုံသည် ရှင်ရဟန်းလည်း ရှင်ရဟန်းအလျောက်၊ ပြည်သူလည်း ပြည်သူအလျောက်၊ အုပ်ချုပ်သူ အစိုးရမင်းလည်း အစိုးရမင်းအလျောက်၊ နိုင်ငံရေးသမား ခေါင်းဆောင်များလည်း နိုင်ရေးသမားအလျောက် စံနမူနာယူဖွယ်၊ လိုက်နာကျင့်သုံးဖွယ်များ ဖြစ်သည်ကို တွေ့ရပါသည်။ ဆရာတော်အရှင်မင်းတရားက ဆရာတော်ဦးကောဝိဒါဘိဝံသ ၏ လောကလူ့ရွာအကျိုး၊ သာသနာ့အကျိုး၊ နိုင်ငံလူမျိုးအကျိုး အားကြိုးမာန်တက် ဆောင်ရွက်ခဲ့ပုံတို့ကို ဆရာဇော်ဂျီ ကဗျာဖြင့် ထင်ရှားစေပြီး မိန့်ကြားသည်ဟု မှတ်ယူပါသည်။

[အေး ဆရာဇော်ဂျီက အခြေတိုးမြင့် ကျန်ကောင်းသင့်၏) လို့ သူ့ကဗျာမှာ ရေးခဲ့ပေမယ့် မင်းတို့ မြန်မာနိုင်ငံ ယေဘုကျ ခြုံငုံသုံးသပ်ကြည့်၊ အခြေတိုးမြင့်ဖို့ အင်မတန်နည်းတယ်။ နည်းသလား/ မနည်းဘူးလား။ (နည်းပါဘုရား) အဲဒါ ဘာကြောင့်လဲလို့ စစ်တမ်းထုတ်ကြည့်။  သံဝေဂနည်းပြီးတော့ အတ္တမာန၊ အတ္တဒိဋ္ဌိ အားကြီးလို့။ ဘာအားကြီးလို့တုန်း။ (အတ္တမာန၊ အတ္တဒိဋ္ဌိ အားကြီးလို့ပါဘုရား)။ အဲ အတ္တမာန၊ အတ္တဒိဋ္ဌိ ဆိုတာ အကုသိုလ်ဗျ။ အတ္တမာန၊ အတ္တဒိဋ္ဌိ ဆိုတဲ့ အကုသိုလ်ဆိုးပင် စိုက်ပျိုးရင် ဆိုးကျိုးပဲ ရမှာပေါ့။ တို့မြန်မာပြည်က အတ္တမာန၊ အတ္တဒိဋ္ဌိ လို့ခေါ်တဲ့ အကုသိုလ်ဆိုးပင်တွေ စိုက်ပျိုးနေလို့ ဘာအကျိုးရတုန်း။ (ဆိုးကျိုးပါဘုရား။)]

၂၀၀၈ မေလက ဟောကြားခဲ့သည့် သြဝါဒက ၂၀၁၆ မှ ၂၀၂၂ အထိ အပြစ်တွေကို ကြိုတင်သိမြင်နေသည့်အလား သွေးများထွက်အောင် မှန်လွန်းနေသည်။ ဆရာတော်အရှင်မင်းတရားသည် ဆရာတော်ဦးကောဝိဒါဘိဝံသအကြောင်း ပြည့်ပြည့်စုံစုံ ဟောကြားပြီးပါလျက် တရားကို နိဂုံး မချုပ်သေးဘဲ အနာဂတ်မှာ မဖြစ်သင့်တာတွေ ဖြစ်မှာ စိုး၍ သို့မဟုတ် ဖြစ်မှာကို ကြိုမြင်၍ သတိပေးသြဝါဒတရား ဟောကြားခဲ့လေသလား အတွေးပွားမိပါသည်။ ဆရာတော် ဟောကြားသလို သံဝေဂ= သံသရာဘေးကိုထိတ်လန့်ခြင်း = တိုင်းပြည်နောင်ရေး ဘေးအန္တရာယ်ကျရောက်မှာကို စိုးရိမ်ပူပန်ခြင်း = အတိတ်က အမှားတွေကို သင်ခန်းစာယူ ပြုပြင်ခြင်း၊ အသိတရားမရဘဲ နိုင်ငံရေးသမားတို့၏ ထောင်လွှားတက်ကြွမှု မာန၊ ငါတို့အယူအဆ အမြင်မှသာ အမှန် အကောင်း ဟူသော အတ္တ၊ မာန၊ ဒိဋ္ဌိကြီးမားမှုတို့ကြောင့် နိုင်ငံ လူမျိုးဘဝ နိမ့်ကျမြဲ နိမ့်ကျနေရသည်။ ပညာရေးနယ်ပယ်မှာ ပို၍ ကျွမ်းဝင်သဖြင့် ၁၉၉၅ မှ ၂၀၂၂ ထိ ပညာရေးပြုပြင်မှု စီမံဦးဆောင် မူဝါဒအကောင်အထည်ဖော်သူတို့၏ အတ္တမာန၊ အတ္တဒိဋ္ဌိ၊ လောဘသက္ကာယ၊ မာယာ၊ သာဌေယျတို့ ကြွယ်ဝ ကြီးမားလှပုံကို ပညာရေးနယ်က မဟုတ်သူများထက် ပိုမိုသိပါသည်။ ငါတို့ ပြောတာ အမှန်၊ ငါတို့ စီမံတာ မလွဲ၊ ငါတို့ ကွပ်ကဲတာ အဟုတ် လုပ်ဆောင်နေကြဆဲ ပညာရေးဦးစီးခေါင်းဆောင်တို့၏ ကံသုံးပါးသည် ၁၉၉၅ မှ ၂၀၂၂ ထိ လွှမ်းမိုးတည်ရှိနေဆဲ ဖြစ်ရာ ၁၉၄၈ မှ ၁၉၈၀ ထိ ဆရာကြီး (ဇော်ဂျီ၊ မင်းသုဝဏ်) တို့ ဦးဆောင်ခေတ်လို အခြေတိုးမြင့် တိုးမြင့်သွးစေသည့် ပညာရေးက ၂၀၁၆ KG သင်ရိုးသစ် စတင်သည့် အချိန်မှစကာ မရှိတော့ပြီ။ ယနေ့ ပညာရေးခေါင်းဆောင်သူတို့ ငါစွဲ-စွဲ၊ မာန်မာနဒိဋ္ဌိ ကဲလွန်းသည်ဟု မဆင်မခြင် သုံးသပ်သည် မဟုတ်ပါ။ သက်သေ ၂ခုသာ ပြမည်။

၁။ KG သင်ရိုးသစ်တွင် (ဃ၊ ဈ၊ ဋ၊ ဌ၊ ဍ၊ ္ဈ ၊ ဏ၊ ဠ) ဗျဉ်းရှစ်လုံး ဖြုတ်ခြင်းနှင့် ပတ်သက်၍ KG သင်ရိုး အကြံပေးပညာရှင် ဒေါက်တာ(ဝင်းအောင်) က ၂၀၁၆ ဇွန်၊ ပညာတန်ဆောင် စာ ၂၈၊ ၂၉ တွင် (သူငယ်တန်းမှာက လေ့ကျင့်တဲ့ဘက်ကို ဇောင်းပေးမထားဘူး၊ ဒီစာလုံးတွေက ချက်ချင်းလက်တလော အသုံးဝင်တာလည်း မဟုတ်သေးဘူး။ ကလေး ရေးရတာကလည်း တခြားစာလုံးတွေနဲ့ ယှဉ်ရင် ခက်ခဲတယ်။ ဒါ့ကြောင့် အရေးလေ့ကျင့်တဲ့အပိုင်းမှာတော့ ချန်ခဲ့မယ် ပြောတာ။ ပထမတန်းရောက်ရင်တော့ ဆက်ပြီး သင်မှာ ဖြစ်ပါတယ်။ ကကြီး၊ ခခွေး စောစောသင်လို့ စာရေးစာဖတ် မြန်မြန်မာမတတ်နိုင်ပါဘူး။) ဟု ဆိုထားရာ စာဖတ်သူ လက်ခံပါသလား။

ကျွန်တော်ကတော့ ထိုပညာရှင် ဒေါက်တာတို့သည် ဆရာကြီးဇော်ဂျီ၊ မင်းသုဝဏ်တို့ စီစဉ်ခဲ့သည့် KG စနစ်ကိုရော၊ မြန်မာစာပေယဉ်ကျေးမှုကိုပါ ချိုးနှိမ်ရှုံ့ချသည်ဟု သုံးသပ်ပါသည်။ အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ ဖြစ်လာမည့် မောင်မောက် သည် ၅နှစ်သားကတည်းက ဗျည်း ၃၃လုံး သင်ခဲ့သည်။ မြန်မာမင်းတို့ ခေတ်နှင့် ကိုလိုနီခေတ် အမျိုးသားကျောင်းနေ မန္တလေး လူထု ဒေါ်အမာ၊ မုံရွာ ဒေါ်ခင်မျိုးချစ်တို့ ၅နှစ်သမီးကလည်း ဗျည်း ၃၃လုံး သင်ခဲ့သည်။ ၁၉၄၈ မှ ၂၀၁၅ အထိ လွတ်လပ်ပြီး ခေတ် အသက် ၅နှစ် ကလေးတို့ ဗျည်း ၈လုံး ရေးရတာ ခက်၍ သင်မရဆိုတာ မရှိပါ။ တလအတွင်း အပြီး သင်ခဲ့ကြရပါသည်။ ထိုပညာရှင် ဒေါက်တာတို့ကသာ ကလေးတို့၏ သင်ယူလိုစိတ်၊ သင်ယူနိုင်စွမ်းအားကို ငါသိ ငါစွဲ စွဲကာ ကန့်သတ်ခြင်းသာ ဖြစ်ပါသည်။

နိုငံတော်သမ္မတ၏ ပညာရေးအကြံပေး ပညာရှင် ဒေါက်တာကလည်း (ယခုလာမည့် သူငယ်တန်းမှာ ကလေးတစ်ဦးချင်းစီရဲ့ ဘက်စုံဖွံ့ဖြိုးမှုကို ရစေမည့် နိုင်ငံတကာစံချိန် စံနှုန်းများနှင့်အညီ ပညာအခြေခံ အကြောင်းအရာများကို အခြေပြု၍ ကလေးတိုင်းကို စဉ်းစားတွေးခေါ်တတ်အောင် လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။) ဟု ၁-၈-၂၀၁၆ က ပြောခဲ့ရာ ၂၀၂၂ ထိ (၇)နှစ်အတွင်း ထိုကလေးမျိုးဆက်သစ်တို့ ဘက်စုံဖွံ့ဖြိုးဖို့ နေနေသာသာ အရေးအဖတ်ပင် မကျွမ်းကျင်ကြပါ။ 

ရှင်တော်ဗုဒ္ဓမြတ်စွာဘုရားက မိမိဂုဏ် မိမိအလုပ်ကို ဟုတ်မှန်၍ ဖြစ်စေ၊ မဟုတ်မှန်ဘဲနှင့် တမင်ဝါကြွားပလွှား ခြေဖျားထောက်လို၍ဖြစ်စေ ဂုဏ်တပြင်ပြင် အမွှမ်းတင်လျက် ပရမ်းပတာပြောဆိုခြင်းမျိုးကို အတ္တုကံသနပြုလုပ်သည်= ကြွားဝါလွန်းသည် ဟု (ဝသလ)သုတ္တန်တွင် ဟောတော်မူပါသည်။ ကလေးတိုင်း စဉ်းစားတွေးခေါ်တတ်အောင် ဟူသည် ကြွားဝါခြင်း မဟုတ်ပါလား။ အတိတ်ကံကပေးသော ဉာဏ်၊ ဝီရိယ၊ ဘဝပေးအခြေအနေ မတူကြတာ ကလေးတိုင်း စွမ်းရည်တူနိုင်ပါမည်လား။ 

၂။ မူလတန်းတွင် အင်္ဂလိပ်စာကို ၁၉၈၁ မှာ စသင်သည်။ ပညာရေးတက္ကသိုလ်တွင် ဆရာအတတ်ပညာကို ၁၉၈၄ မှ စကာ အင်္ဂလိပ်လို၊ ၉တန်း ၁၀တန်း သိပ္ပံပညာရပ်ကို ၁၉၈၅-၈၆ မှ စကာ အင်္ဂလိပ်လို B.A, B.Sc တန်းတွင် ၁၉၉၄ မှ စကာ ပညာရပ်များကို အင်္ဂလိပ်လို သင်ကြားခဲ့သည်။ ထိုသို့ သင်ယူလာသူများထဲက ပညာရေးနယ်သို့ ရောက်လာသူတိုင်း မိခင် မြန်မာစာလည်း ပျက်၊ အင်္ဂလိပ်စာလည်း မတိုးတက်၊ ကိုယ်ယူသည့် ဝိဇ္ဇာ၊ သိပ္ပံပညာရပ် အသိအတတ်လည်း မပြည့်ဝ။ ပညာရေး ပြုပြင်ဦးဆောင်သူတို့က နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း ဟု ဆိုကြရာ နိုင်ငံတကာလို မလုပ်ဘဲ ကိုယ့်အုပ်စုအတွက် လုပ်ဆောင်နေကြသည်။ 

ဂျပန်၊ ကိုရီးယား၊ တရုတ် စသည်တို့၌ မူလတန်းမှာ အင်္ဂလိပ်စာ လုံးဝမသင်။ မိခင်စာ ဖွံ့ဖြိုးအောင် သင်သည်။ လယ်-ထက်-တက္ကသိုလ်တွင်လည်း ပညာရပ်တွေကို မိခင်စာပေဖြင့် သင်၍ ဘာသာခြားဖြင့် ရေးထားသော ပညာရပ်များကို မိခင်စာဖြင့် ပြန်ဆိုထားနိုင်သည်။ ဥရောပတွင်လည်း ပြင်သစ်၊ ဂျာမဏီ၊ ရုရှား စသည့် နိုင်ငံတို့မှာလည်း အင်္ဂလိပ်စာမှ အပ ပညာရပ်တွေကို မိခင် စာဖြင့် သင်သည်။ ဆရာကြီး ဒေါက်တာခင်မောင်ညိုက (မြန်မာလို သင်တဲ့ တနေ့ ဘွဲ့ ရ-ရ၊ မရ-ရ ပညာတတ်တွေ ပေါလာမည်။) စာစုကို NLD ခေတ်ကတည်းက တင်ပြခဲ့သည်။ KG+12 တန်း ဦးဆောင်သူတို့က မူလတန်းတွင် အင်္ဂလိပ်စာသင်ခြင်းနှင့် အထက်တန်း သိပ္ပံပညာရပ်များကို အင်္ဂလိပ်လိုသင်ခြင်းသည် ယခင်ကလည်း အစဉ်အလာ ရှိ၍ ဆက်လက်သင်ရခြင်းဖြစ်ကြောင်း အကြောင်းကြားပါသည်။ မြန်မာ့ပညာရေး ကျဆင်းရခြင်းက KG+10 လုပ်ခဲ့၍ မဟုတ်။ KG+11,12, 13 ဘယ်စနစ်ဖြစ်ဖြစ် KG, G1, G2 မှာ၊ အထက်တန်းနှင့် အဆင့်မြင့်မှာ ပညာရပ်တွေကို အင်္ဂလိပ်လို သင်နေသမျှ ပညာရေးက ဘယ်တော့မှ အခြေတိုးမြင့်လာမည်မဟုတ်ပါ။ 

ဤဥပမာ ၂ခုနှင့်ပင် KG+12 စနစ်နှင့် ယနေ့ ပညာရေး ပြုပြင်ဦးဆောင်သူတို့ ငါစွဲ-စွဲသည်၊ ငါတကော-ကောသည် ဟု ကျွန်တော်ဆိုခဲ့ခြင်းသည် လက်လွတ်စပါယ် ဝေဖန်ခြင်းမဟုတ်ဆိုတာ သိနိုင်ပါသည်။ 

ပညာရှိ သူတော်ကောင်းများဖြစ်သည့် ဆရာတော်အရှင်မင်းတရား၊ ဦးကောဝိဒါဘိဝံသ မစိုးရိမ်နာယက ဆရာတော်တို့သည် အမျိုးဘာသာ သာသနာအတွက် မစိုးရိမ်တိုက် ပညာရေးအခြေတိုးမြင့်အောင် ဆောင်ရွက်နိုင်ခဲ့သည်မှာ ခေါင်းဆောင်ကောင်းစွမ်းရည် ပြည့်ဝ၍ ဖြစ်ပါသည်။ တခါ ပညာပြည့်ဝ နှလုံးလှသော ဆရာကြီးဇော်ဂျီ၊ မင်းသုဝဏ်တို့ ဦးဆောင်ခေတ်မှာလည်း မြန်မာ့ပညာရေးက (သင်၏မျိုးသား စာစကားလည်း ကြီးပွားတက်မြင့် ကျန်ကောင်းသင့်၏) ဆိုသည့် ဆရာကြီး ဇော်ဂျီကဗျာအတိုင်း မိခင်စာပေကော၊ ဝိဇ္ဇာသိပ္ပံပညာရပ်ပါ အဆင့်အတန်း မြင့်မားခဲ့ပါသည်။ 

၁၉၉၅ မှ ၂၀၂၂ ထိတော့ ပါရဂူပညာရှင်တွေ၊ အကြံပေးပညာရှင်တွေ ဦးဆောင်ပညာရေးက အင်္ဂလိပ်စာနှင့် အနောက်တိုင်းကို အထင်ကြီး၊ မိခင်စာပေကို ပျက်စီးအောင် ဖျက်ဆီးထားရာ KG+12 သင်ရိုးစနစ်အတိုင်း သွားလျှင် အောက်တန်းကျမြဲ ကျနေဦးမည်သာ။ ထို့ကြောင့် အခြေတိုးမြင့်သည့် ပညာရေး ရဖို့ဆိုလျှင် KG+12 သင်ရိုးများကို ရောက်သည့်နေရာ ရောက်သည့်အချိန်မှာ ရပ်တန်းက ရပ်၍ ဆရာကြီးဇော်ဂျီတို့ လမ်းကြောင်းပေါ်လျှောက်ရမည်ဖြစ်ပါကြောင်း ဆရာတော်အရှင်မင်းတရား သြဝါဒကထာ ခံစားတင်ပြလိုက်ပါသည်။


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)