ရလာဒ်တွေကို သုံးသပ် အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရလာဒ်တွေကို သုံးသပ် အကြမ်းဖက်လုပ်ရပ်တွေ အဆုံးသတ်


တိုင်းပြည်ရဲ့ သမိုင်းစာမျက်နှာတွေကို ပြန်လှန်ကြည့်ရင် လွတ်လပ်ရေးရပြီး ကာလတလျှောက် တိုင်းပြည်တည်ငြိမ်အေးချမ်းတဲ့ ကာလဟာ အလွန်နည်းပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခဟာ လွတ်လပ်ရေးရပြီးချိန်မှစပြီး ယနေ့တိုင် ပြီးပြတ်အောင် မဖြေရှင်းနိုင်တဲ့ ပြဿနာဖြစ်နေပါတယ်။ ဒီလိုအခြေအနေ ဖြစ်ပေါ်နေခြင်းအပေါ် တချို့ကလည်း အစိုးရကို အပြစ်မြင်ကြမယ်။ နောက်ကွယ်က အကြောင်းတရားတွေကို လေ့လာသိရှိထားသူတွေကလည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နောက်ကွယ်ကနေ ငွေကြေး၊ လက်နက် ထောက်ပံ့ပေးပြီး မြန်မာပြည်တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ပြောကြပါလိမ့်မယ်။

တိုင်းတပါးက ငွေကြေး၊ လက်နက် အထောက်အပံ့ယူပြီး နိုင်ငံရေးစကားလုံးတွေ ဖောင်းပွနေတဲ့ နိုင်ငံလို့ ဆိုရင်လည်း မမှားပါဘူး။ ဒီလိုဖြစ်နေတဲ့ အခြေအနေမှာ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးကို ပြီးပြတ်အောင် မစွမ်းဆောင်နိုင်ခြင်းဟာ အစိုးရရဲ့ ပြဿနာလို့ ပြောမရပါဘူး။ ငွေကြေး၊ လက်နက်ထောက်ပံ့ပေးနေတဲ့ တိုင်းတပါးနိုင်ငံတွေရဲ့ အလိုကျ တည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် ပြဿနာတစ်ခုမဟုတ် တစ်ခု ဖန်တီးနေမယ်ဆိုတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပိုင်းမှာလည်း မိမိတို့ရဲ့ တော်လှန်ရေးရည်မှန်းချက်တွေကို ပြန်လည်ဆင်ခြင်သုံးသပ်ပြီး ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွားကို လိုလားတဲ့ သစ္စာအဓိဋ္ဌာန်တွေအပေါ်မှာ ရပ်တည်ချက်မှန်ကန်ဖို့ လိုအပ်နေပါတယ်။

မိမိတို့အဖွဲ့အစည်းအတွက် လက်နက်၊ ငွေကြေး ရရှိဖို့ (အဖွဲ့အစည်းရဲ့ အကျိုးစီးပွား)ကို ရှေ့တန်းတင်ပြီး ဒေသခံ လူထုအကျိုး ရှေးရှုခဲ့တဲ့ ရည်မှန်းချက်တွေကို မျက်ကွယ်ပြု ဆောင်ရွက်နေကြမယ်ဆိုရင် ငြိမ်းချမ်းရေး ခရီးလမ်းဟာ ဖြောင်းဖြူးသာယာမှာ မဟုတ်သလို နောက်ဆက်တွဲအနေနဲ့ ဒေသခံ ပြည်သူလူထုရဲ့ ပညာရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေဟာ ပိုမိုနိမ့်ကျလာမှာဖြစ်ပါတယ်။

ယနေ့အချိန်မှာ တိုင်းတပါးသြဇာခံ နိုင်ငံရေးအစွန်းရောက် လက်ပါးစေအုပ်စုက အာဏာရူးပြီး ဆူပူအကြမ်းဖက်မှုတွေ လုပ်ဆောင်လာတဲ့ နောက်ကွယ်က အကြောင်းတရားတွေကိုလည်း နိုင်ငံရေးနဲ့ နီးစပ်သူတိုင်း သိရှိထားပြီး ဖြစ်ပါတယ်။ မဲလိမ်မဲခိုးခြင်း အကြောင်းကြောင့် တပ်မတော်က အာဏာထိန်းရခြင်း အကျိုးဆက်ဖြစ်ပေါ်လာတယ်။ တပ်မတော်အာဏာထိန်းခြင်းကို အကြောင်းပြုပြီး ဆူပူအကြမ်းဖက်အကျိုးဆက်ကို ထပ်မံဖန်တီးလာတယ်။ မဲလိမ်မဲခိုးခြင်း အကြောင်းတရားကို ချန်လှပ်ပြီး တပ်မတော်က အာဏာလုယူသယောင် လုပ်ကြံဖန်တီးဝါဒဖြန့်နေတဲ့ လုပ်ရပ်တွေမှာ ဘာမှ သက်သေပြနိုင်တာ မရှိပါဘူး။ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေနဲ့ ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းပြီး အောင်ပွဲခံနေတဲ့ လုပ်ရပ်တွေဟာ အောက်တန်းကျလွန်းတဲ့ နိုင်ငံရေးလမ်းစဉ်ဖြစ်ပါတယ်။

တပ်မတော်ကို မကျေနပ်လို့ တပ်မတော်ကို တော်လှန်ချင်သလား၊ တိုက်ခိုက်ချင်သလား တိုင်းရင်းသားလက်နက်ကိုင်တွေ နှစ်ပေါင်းများစွာ တိုက်ခိုက်လာသလိုပဲ တိုက်ခိုက်နိုင်ပါတယ်။ တော်လှန်နိုင်ပါတယ်။ မြို့တိုင်း၊ နယ်တိုင်းမှာ တပ်မတော် စခန်းတွေ ရှိနေတာကိုလည်း အထွေအထူး ပြောဖို့ မလိုပါဘူး။ ရင်ဆိုင်တိုက်ခိုက်ချင်တယ်ဆိုရင်လည်း တပ်မတော်စစ်ကြောင်းများ ချီတက်ရာမှာ ချောင်းမြောင်း တိုက်ခိုက်နိုင်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဒီလိုနည်းနဲ့ပဲ တော်လှန်နေကြတာ ဖြစ်ပါတယ်။

မဲလိမ်မဲခိုး NLD ပါတီက နိုင်ငံရေးအစွန်းရောက်တွေရဲ့ လုပ်ကြံဖန်တီးလှုံ့ဆော်မှုတွေက သူတို့တော်လှန်ချင်တဲ့ တပ်မတော်ကို ပစ်မှတ်မထားဘဲ ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေတဲ့ လုပ်ရပ်တွေ မြင်ရတာဟာ အလွန်အင်မတန် အောက်တန်းကျတဲ့ နိုင်ငံရေးလမ်းစဉ်လို့ ဆိုခြင်းဖြစ်ပါတယ်။ တော်လှန်ရေးသမားများမှာ တော်လှန်ရေးကျင့်ဝတ်ရှိပါတယ်။ မည်သည့် လက်နက်ကိုင်အဖွဲ့မဆို ပြည်သူဘက် ပြောင်းဝလှည့်လာရင်တော့ သမိုင်းမကောင်းတော့ပါဘူး။ KIA ဦးဆောင်တဲ့ မဟာမိတ်(၄)ဖွဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ လုပ်ခဲ့ကြတယ်။ သူတို့တွေရဲ့ စ်မှတ်က တပ်မတော်ကို မဟုတ်ဘဲ ခရီးသွားပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်၊ ဓားပြတိုက်၊ ငွေတောင်း၊ ကားမီးရှို့တဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတယ်။ သူတို့ရဲ့ သမိုင်းအတွက် ကြီးမားသော မှားယွင်းတဲ့ လုပ်ရပ်တွေဖြစ်ခဲ့ပါတယ်။

အခု မဲလိမ်မဲခိုးပြီး အာဏာလိုချင်တဲ့ သူတွေ အာဏာလက်မဲ့ ဖြစ်သွားပြီး ဆူပူအကြမ်းဖက်လုပ်ရပ်တွေ လုပ်လာပြန်တော့လည်း KIA ပါလာပြန်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ သံဃာတော်များကို လုပ်ကြံသတ်ဖြတ်မှု၊ ဆရာ/ဆရာမများကို လုပ်ကြံသတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူများကို ရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်မှု အစရှိသော အကြမ်းဖက်လုပ်ရပ်တွေမှာ KIA တိုက်ရိုက်ပါဝင် သည်းခံခွင့်လွှတ်နိုင်စရာ မရှိတဲ့ လုပ်ရပ်တွေဖြစ်လာပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ကွယ်က KIA ကို မသိကျိုးကျွန်ပြုပြီး PDF ကိုသာ အကြမ်းဖက်လို့ သတ်မှတ်ပြောဆိုနေခြင်းဟာလည်း သဘာဝယုတ္တိကင်းမဲ့လာပါတယ်။ NLD အစွန်းရောက် ပြည်ပြေးတွေရဲ့ လှုံ့ဆော်မှုကြောင့် PDF အကြမ်းဖက်သမားအဖြစ်နဲ့ ရူးမိုက်စွာ တိုက်ခိုက်နေသူတွေမှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်ဆိုတာ မရှိဘဲ မြင်ရာတွေ့ရာ သတ်ဖြတ်ပြီး  ဂုဏ်ယူဝံ့ကြွားနေကြခြင်းဖြစ်ပါတယ်။

ကိုယ့်ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်လိုက်လို့ ဘာအကျိုးထူး ရတာရှိပါသလဲ။ KIA, PDF တို့ရဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို ကိုယ်တိုင်ကြုံတွေ့ခံစားခဲ့ရသူတွေကလည်း စစ်တပ်ရဲ့စခန်းတွေ၊ တပ်မတော်စစ်ကြောင်းတွေကိုတော့ ရင်ဆိုင် တိုက်ခိုက်ဝံ့ခြင်းမရှိဘဲ ဘာမှမဆိုင်တဲ့ သံဃာတော်တွေကိုသတ်၊ ဆရာ/ဆရာမတွေကိုသတ်၊ အပြစ်မဲ့ပြည်သူတွေကို သတ်လို့ ဘယ်တော့မှ သူတို့အောင်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုကြပါတယ်။

NLD အစွန်းရေး ပြည်ပြေး နိုင်ငံရေးလုပ်စားသူများရဲ့ ဝါဒမှိုင်းမိနေတဲ့ PDF အကြမ်းဖက်သမားတွေခမျာမှာတော့ လုပ်ကြံသတ်ဖြတ်ပြီး ငွေရှာလို့ အားမရနိုင်ကြသေးပါဘူး။ တွေ့ရာမြင်ရာကို လုပ်ကြံသတ်ဖြတ်ပြီး ဒလန်မို့လို့ သတ်လိုက်တယ်ဆိုတဲ့ ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်မီဒီယာတွေရဲ့ လုပ်ကြံဖန်တီးဖော်ပြမှုတွေကလည်း မရိုးနိုင်သေးပါဘူး။

တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပုန်ကန်မှုမှတဆင့် အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့ CRPH, NUG ပြည်ပြေးတွေရဲ့ လှုံ့ဆော်မှုတွေကလည်း ရှိနေပါသေးတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကလည်း နေ့စဉ်ရက်ဆက် ဆိုသလို ရှိနေဆဲပဲဖြစ်ပါတယ်။ သေနတ်ကိုင်ပြီး အကြမ်းဖက်သူနဲ့ သေနတ်ကိုင်ပြီး ကာကွယ်သူတွေ ကြားမှာ PDF က မိုးပျံအောင်တော်ပြီး သတ်ချင်တိုင်း သတ်ခွင့်ရနေတာတော့ မဟုတ်ပါဘူး။ ပြည်ပြေးနိုင်ငံရေးလုပ်စားသူတွေရဲ့ လှုံ့ဆော်မှုကြောင့် PDF အကြမ်းဖက်သမားများက သံဃာတော်၊ ဆရာ/ဆရာမ၊ အပြစ်မဲ့ ဝန်ထမ်းပြည်သူ ၃၀၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါကတော့ အကြမ်းဖက်သမားတွေရဲ့ ယုတ်မာရက်စက်မှု မှတ်တမ်းပါ။ အဲဒီလို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်သမားတွေကို လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေက ဖမ်းဆီးထိန်းသိမ်း၊ ပစ်ခတ်နှိမ်နင်းတာတွေရော မရှိဘူးလား။ ရှိတာပေါ့။ ဒါပေမယ့် စာရင်းမထွက်ပါဘူး။ တောထဲမှာ ကြက်ပျောက်၊ ငှက်ပျောက် ပျောက်သွားရတာတွေ ရှိပါတယ်။ လူလိုမသေရဘဲ တိရစ္ဆာန်တစ်ကောင်လို သေဆုံးသွားရတာတွေလည်း မြင်တွေ့နေရပါတယ်။

အကြမ်းဖက်လိုစိတ်နဲ့ သူတစ်ပါးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားရင်း သေဆုံးသွားရတဲ့ စာရင်းကို တွက်ကြည့်ရင်ပဲ မနည်းတော့ပါဘူး။ PDF အကြမ်းဖက်သမားများနဲ့ ပြည်ပြေး အကြမ်းဖက်လှုံ့ဆော်မီဒီယာများက သံဃာတော်၊ ဆရာ/ဆရာမ၊ အပြစ်မဲ့ ဝန်ထမ်းပြည်သူ တစ်ဦးတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ပြီးရင် အများပြည်သူရင်ထဲမှာ အကြောက်တရားတွေ ကိန်းအောင်းသွားအောင် ဒလန်မို့လို့ အသတ်ခံရတယ်လို့ ဂုဏ်ဆာပြီး ဖော်ပြနေပေမယ့် လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေ အပိုင်းက မဖြစ်သာတဲ့အဆုံး PDF အကြမ်းဖက်သမားတွေကို သုတ်သင်ရှင်းလင်းလိုက်ရတဲ့ အခြေအနေမျိုးမှာ ဂုဏ်ဆာပြီး PDF ဘယ်နှယောက်ကိုတော့ ရှင်းလင်းလိုက်ပါပြီလို့ ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိပါဘူး။

ဒီအခြေအနေကို နီပိန်း၊ နီပိတ်တွေ သိဖို့လိုပါတယ်။ ငါတို့ရဲ့ အကြမ်းဖက်အဖွဲ့က ဘယ်နှယောက်သတ်လိုက်ပြီးလို့ ဂုဏ်ယူဝံ့ကြွားပြီး ပျော်နေရအောင် မိမိတို့ သတ်လိုက်တဲ့ သူတွေက ဘယ်သူတွေလဲဆိုတာကိုလည်း ပြန်လည်ဆင်ခြင်တတ်တဲ့ ဦးနှောက် ရှိဖို့တော့ လိုပါလိမ့်မယ်။

ရလာဒ်အားဖြင့် PDF က သတ်လို့ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ သေဆုံးသွားရတယ်။ လုံခြုံရေးအဖွဲ့က နှိမ်နင်းလို့ PDF အကြမ်းဖက်သမားများ မူးရေချိုးလိုက်ရတယ် ဆိုတဲ့ ဖြစ်စဉ်များရဲ့ ရလာဒ်မှာ အကျိုးအမြတ် ဘာရှိသလဲ။ ဘာမှ မရှိပါဘူး။ ရလာဒ်အားလုံးဟာ အနှုတ်သဘောဆောင်တဲ့ ရလာဒ်တွေချည်း ဖြစ်ပါတယ်။ PDF အကြမ်းဖက်သမားများအနေနဲ့ ကိုယ့်ကိုယ်ကို တော်လှန်ရေးသမားကြီးများလို့ ခံယူတယ်ဆိုရင် တော်လှန်ရေးကျင့်ဝတ်တွေကို လိုက်နာသင့်တယ်။ မိမိတို့ တော်လှန်မယ်ဆိုတဲ့ အဖွဲ့အစည်းကို တော်လှန်နိုင်တယ်။ တိုက်ခိုက်နိုင်ပါတယ်။ တော်လှန်ရေးကျင့်ဝတ်ကိုမှ နားမလည်ဘဲ တွေ့ရာမြင်ရာ လုပ်ကြံသတ်ဖြတ်ပြီး ဂုဏ်ဆာနေတဲ့ လုပ်ရပ်တွေက အများပြည်သူကြားမှာ ရွံမုန်းစရာ ဖြစ်လာပါတယ်။ ဒီလိုအခြေအနေမျိုးနဲ့ တော်လှန်ရေးကြီ မနက်ဖန်အောင်တော့မှာ၊ တစ်ပတ်ပဲ လိုတော့တယ်၊ တစ်လနေရင် နိုင်ပြီလို့ ကြွေးကြော်နေခြင်းက ယုတ္တိကင်းမဲ့လွန်းပါတယ်။

တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကနေ အမြတ်ထွက်နေသူများကတော့ လက်နက်၊ ငွေကြေး ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေကို သူတို့ကိုယ်တိုင် ဝင်ရောက်ကျူးကျော်ပြီး မတိုက်ခိုက်ရဘဲ အချင်းချင်းသတ်လို့ သေနေကြရခြင်းကြောင့်ဖြစ်ပါတယ်။ ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့ မဲသူခိုး ပြည်ပြေး နိုင်ငံရေးလုပ်စားသူတွေနဲ့ မီဒီယာအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတွေအတွက်လည်း ငွေကြေးအကျိုးအမြတ် ရပါတယ်။ အသက်နဲ့ ခန္ဓာကို အရင်းတည်ပြီး အကြမ်းဖက်သမားများအဖြစ်နဲ့ ဆင်ကန်းတောတိုး လုပ်ဆောင်နေသူအတွက်တော့ ဘာအကျိုးရလာဒ်မှ မရှိတဲ့ အပြင် ခွေးသေ၊ ဝက်သေ တိရစ္ဆာန်များလို ဘဝနိဂုံးချုပ်ရမယ့် ဆိုးကျိုးပဲ ရစရာ ရှိပါတယ်။ 

အခု လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA နဲ့ PDF ပူးပေါင်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြပါတယ်။ KIA, PDF ရဲ့ လူမဆန်တဲ့ လုပ်ရပ် သရုပ်မှန်ကို သိရှိလာကြပြီဖြစ်တဲ့ ပြည်သူတွေက တပ်မတော်နဲ့ ပူးပေါင်းပြီး ပြည်သူ့စစ်အဖွဲ့များမှာ ဝင်ရောက်ပြီး ကိုယ့်ရပ်ကိုယ့်ရွာ ကာကွယ်ရေးလုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆောင်ရွက်လာကြတာကို အားရဖွယ်မြင်တွေ့ရပါတယ်။ ပြည်သူ့စစ်ဖွဲ့စည်းထားနိုင်တဲ့ ရွာတွေဆိုရင် KIA, PDF အကြမ်းဖက်သမားတွေ မဝင်ရဲကြတော့ပါဘူး။ အကြမ်းဖက်သမားများနဲ့ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်နေကြတဲ့ ပြည်သူ့စစ်အဖွဲ့များ ရင်ဆိုင်ထိပ်တိုက် ပစ်ခတ်ခဲ့ရတဲ့ အခြေအနေတွေကိုလည်း ကြားသိခဲ့ရပါတယ်။ အချို့သော ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မိသားစုဝင်တွေကို KIA, PDF အကြမ်းဖက်သမားများက ယုတ်မာပက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရတဲ့ အနာဟောင်းတွေ ရှိနေပါတယ်။ KIA, PDF နဲ့ တွေ့လို့ ညှာတာစာနာနေမှာ မဟုတ်ဘဲ မူးရေချိုးပေးဖို့ စိတ်အားထက်သန် ရှိနေကြတာကို တွေ့ရပါတယ်။

KIA, PDF အကြမ်းဖက်အုပ်စုက ရပ်ထဲရွာထဲ ဝင်လို့မရတဲ့ အခြေအနေမှာ အဝေးထိန်း ဒရုန်းတွေ အသုံးပြုပြီး ရပ်ရွာထဲက ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ အိမ်တွေကို တိုက်ခိုက်တာမျိုး၊ စာပေသင်ကြားနေတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ ရင်ထဲမှာ အကြောက်တရားတွေ ဝင်လာအောင် စာသင်ကျောင်းပေါ် ဒရုန်းနဲ့ ဗုံးချတာမျိုးတွေ လုပ်နေကြပါတယ်။ သူတို့ရဲ့ ယုတ်မာပက်စက်မှု ဒဏ်တွေကို အသက် ၉၀ ကျော်အရွယ် အဘိုးအို၊ အဘွားအိုမကျန် ကလေးသူငယ်အဆုံး ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ဒေသခံပြည်သူတွေဟာ KIA, PDF ရဲ့ အကြမ်းဖက်လုပ်ရပ်တွေအပေါ် ကြောက်ရွံ့ခြင်းထက် ရွံမုန်းပြီး လက်တုန့်ပြန်လိုစိတ်တွေ ဖြစ်ပေါ်နေတာကလည်း အပြစ်လို့ ယူဆလို့ မရပါဘူး။ သူတို့ကိုယ်တိုင် KIA, PDF အကြမ်းဖက်သမားတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကြောင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရသလို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အသက်လုပြီး ထွက်ပြေးခဲ့ကြရသူတွေ မဟုတ်ပါလား။

ကိုယ့်ရပ်ကိုယ့်ရွာကို အကြမ်းဖက်ဘေးအန္တရာယ်မကျရောက်အောင် ကာကွယ်နေတာကို အပြစ်ဆိုလို့ မရပါဘူး။ အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေကြတဲ့သူတွေအနေနဲ့တော့ မိမိတို့ရဲ့ နိုင်ငံရေးအစွန်းရောက်စိတ်ကို ကိုယ်ကျိုးရှာ နိုင်ငံရေးသမားနဲ့ မီဒီယာအမည်ခံအကြမ်းဖက်လှုံ့ဆော်သူများ၊ ဘာသာရေးအစွန်းရောက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ကောင်းစွာ အသုံးချပြီး ကိုယ့်ရွာသူရွာအချင်းချင်း သတ်ဖြတ်ခိုင်း၊ မိမိတို့ရဲ့ ကိုးကွယ်ရာ သံဃာတော်တွေကို သတ်ဖြတ်ခိုင်း၊ အနန္တဂိုဏ်းဝင် ဆရာ/ဆရာတွေကို သတ်ဖြတ်ခိုင်းရုံမျှမက အနာဂတ်မျိုးဆက်သစ် လူငယ်များရဲ့ မသိစိတ်ကိုပါ ခြိမ်းခြောက်နေတဲ့ လုပ်ရပ်တွေအပေါ် ပြန်လည်ဆင်ခြင်သုံးသပ်ကြဖို့ အထူးတိုက်တွန်းလိုပါတယ်။

တစ်နှစ်ကျော်ကြာကာလ ဆူပူအကြမ်းဖက်၊ လုပ်ကြံသတ်ဖြတ်မှုတွေအပေါ် အတိုင်းထက်အလွန် သည်းခံခွင့်လွှတ်ခဲ့သလို ယနေ့အချိန်မှာလည်း မှန်ကန်စွာ သုံးသပ်ပြီး ဥပဒေဘောင်အတွင်းမှာ နေထိုင်ဖို့ ဖိတ်ခေါ်နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်မှုတွေကို လက်ပိုက်ကြည့်နေမှာ မဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးစနစ်နဲ့ တန်ပြန်ချေမှုန်းတဲ့ လုပ်ငန်းစဉ်တွေကလည်း ရှိနေမှာပဲ ဖြစ်ပါတယ်။

နိုင်ငံရေးဆိုတာ အများပြည်သူ ကောင်းကျိုးအတွက် လုပ်ဆောင်မှသာ နိုင်ငံရေးသမားကောင်းများလို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံရေးသမားအမည်ခံပြီး တိုင်းဖျက်ပြည်ဖျက် လုပ်နေသူတွေကို နိုင်ငံရေးသမားကောင်းလို့ ဘယ်လိုမှ မော်ကွန်းတင်ထိုးလို့ မရနိုင်ပါဘူး။ နိုင်ငံရေးသမားအမည်ခံပြီး ပြည်သူတွေအတိဒုက္ခရောက်အောင် ဖန်တီးနေတဲ့ ပြည်ပြေးတွေရဲ့ လုပ်ကြံဖန်တီးပြောဆိုမှုတွေမှာ သူတို့ကျူးလွန်ခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ် (အကြောင်းတရား)တွေကို ဖုံးကွယ်ထားပါတယ်။ ယုံကြည်ထောက်ခံသူတွေ သွေးကြွလာအောင် လုပ်ကြံဖန်တီးပြီး ဝါဒဖြန့်ကြပါတယ်။ 

ကိုယ်ကျိုးရှာနိုင်ငံရေးသမားများရဲ့ သားကောင် အကြမ်းဖက်သမားများ အဖြစ်နဲ့ ကိုယ့်ရွာသူရွာသားအချင်းချင်း လုပ်ကြံသတ်ဖြတ်ပြီး ဂုဏ်ဆာနေသူတွေ မူးမြစ်ထဲမှာ ပျောက်ဆုံးသွားတာ ဘယ်နှယောက်တောင် ရှိပြီလဲ။ အဲဒီလို ဆင်ကန်းတောတိုး မိုက်မဲခဲ့သူတွေအတွက် နိုင်ငံရေးလုပ်စားသူ ပြည်ပြေးများက ဘာများ တာဝန်ခံမှု၊ တာဝန်ယူမှု ရှိပါသလဲ။ ပြည်သူအချင်းချင်း ရန်တိုက်ပြီး ပြည်ပကို ဘာကြောင့်ထွက်ပြေးသွားကြရတာလဲ။ CRPH, NUG က ပြည်ပြေး၊ KIA, PDF က တပ်နဲ့မှ ရင်ဆိုင်မတွေ့ရဲဘဲ တောထဲပြေး။ ပြေးရင်းက နိုင်နေပြီလို့ အော်နေတာလည်း မရှက်ကြဘူး။ အခု PDF တွေဟာ ရွာထဲ ရပ်ထဲ မဝင်ရဲကြတော့ဘူး။ KIA, PDF အကြမ်းဖက်စခန်းတွေကို တပ်မတော်နဲ့ ပြည်သူ့စစ်တွေက ပူးပေါင်း ရှင်းလင်းနေကြပြီ။ သဖမ်းဆိပ်ဆည်ကြီးနဲ့ မူးမြစ်ထဲက ရွှေမျောတွေဆီက ဂုပ်သွေးစုပ်ပြီး ယစ်မူးနေသူများ အသိတရားရဖို့ အချိန်တန်ပါပြီ။

အကြမ်းဖက်သမားများအဖြစ် အသုံးချနေခံရတဲ့ ညီနောင်သားချင်းများအနေနဲ့ မူးရေမချိုးရခင်မှာ မိမိတို့ရဲ့ လုပ်ရပ်များအပေါ် မှန်ကန်စွာ ဆင်ခြင်သုံးသပ်ပြီး ကောင်းကျိုး၊ ဆိုးပြစ် ဘယ်လိုရလာဒ်တွေ ထွက်လာသလဲ အဖြေရှာကြပါ။ ကောင်းကျိုးရလာဒ်မရှိဘဲ ဆိုးကျိုးအစဉ်ဆက်သာ ဖြစ်နေတယ်ဆိုတဲ့ အဖြေကို ရှာတွေ့ပြီဆိုရင်တော့ ဥပဒေဘောင်အတွင်း ဝင်ရောက် နေထိုင်ကြဖို့ မေတ္တာရပ်ခံ တိုက်တွန်းလိုက်ရပါကြောင်း . . .။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)