ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တစ်မိုးနှစ်သီးစိုက်ပုံစံ စံပြစိုက်ကွင်းအား ကွင်းဆင်းကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တစ်မိုးနှစ်သီးစိုက်ပုံစံ စံပြစိုက်ကွင်းအား ကွင်းဆင်းကြည့်ရှုအားပေး



MNP ၊ ဇွန် ၁၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ ဆင်ကူးကျေးရွာအုပ်စု၊ ဆင်ကူးကျေးရွာရှိ တောင်သူဦးဝင်းမြင့်အောင်၏ ကွင်းအမှတ် (၂၄၇)ရှိ တစ်မိုးနှစ်သီးစိုက် သီးနှံပုံစံ၏ ပထမသီးစိုက်ခင်း GW-11 စပါးမျိုး (၁၆၂)ဧက တကွင်းတစ်စပ်တည်း စိုက်ကွင်းသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ တောင်သူကြီးများအနေဖြင့် မိုးစပါး နှစ်သီးစိုက်ပျိုးပြီးနောက်တွင် နေကြာသီးနှံ (သို့မဟုတ်) နွေစပါးအား ဆက်လက်စိုက်ပျိုးရေး၊ တစ်နှစ်သုံးသီးပုံစံ စိုက်ပျိုးထုတ်လုပ်သွား၍ ဒေးဒရဲမြိုနယ်၏ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် သီးနှံစိုက်စွမ်းအား မြင့်မားရေးအတွက် တောင်သူများက ကြိုးစားစိုက်ပျိုး ထုတ်လုပ်ကြရန်၊ စိုက်ပျိုးရေးဦးစီးဌာနက နည်းပညာများ ကူညီပံ့ပိုးပေးသွားရန်နှင့် တောင်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနများအလိုက် အချိန်နှင့်တပြေးညီ ကူညီပံ့ပိုးဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ပျိုးဧက (၁၇၄၇၂၂)ဧကနှင့် နွေစပါး (၇၆၅၃၀)ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း၊ GW-11 စပါးကို ၂၀၂၂ ခုနှစ် ဧပြီလ (၁၈)ရက်နေ့က ကြဲခင်းစနစ်ဖြင့် စိုက်ပျိုးခဲ့ရာ သြဂုတ်လတွင် ရိတ်သိမ်းမည်ဖြစ်ပြီး ပေါ်ဆန်းကြီးခေါ် ပေါ်ဆန်းမွှေးစပါးကို သြဂုတ်လကုန်တွင် မိုးစပါး ဒုတိယသီး ပြန်လည်စိုက်ပျိုး သွားမည်ဖြစ်ကြောင်း၊ ဒုတိယသီးနှံဖြစ်သော ပေါ်ဆန်းကြီးစပါးမျိုးမှာ ရာသီစပါးဖြစ်ရာ ၎င်းစပါး၏ သက်တမ်းကို လျှော့ချသည့်ပုံစံဖြင့် ပုံမှန်စိုက်ပျိုးချိန်ထက် တစ်လနောက်ကျ စိုက်ပျိုးခြင်းဖြင့် အပင်သက် တစ်လလျော့ကျသွားပြီး ပင်ပိုင်းကြီးထွားမှုကို တစ်လတာ လျော့ကျသွားပြီး အပင်အရပ် တစ်ပေခန့်လျော့ကျသွားခြင်း ပန်းပွင့်ချိန်တွင် မိုးရွာသွန်းမှုလွတ်ကင်းခြင်း ယိုင်လဲမှုမရှိခြင်းတို့ကြောင့် ပုံမှန်အထွက်နှုန်းထက် တစ်ဧကလျှင် တင်း(၂၀)ခန့် ပိုမိုထွက်ရှိနိုင်ခြင်း၊ ပေါ်ဆန်းစပါး၏ အရည်အသွေးများ ပိုမိုတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ တတိယသီးအနေဖြင့် နွေစပါး ရက်(၉၀) စပါးမျိုး ဆက်လက်စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပြောကြားချက်အရ သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)