ရခိုင်ပြည်နယ်အထပ်မြင့်အဆောက်အဦ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အထပ်မြင့်အဆောက်အဦ ကြီးကြပ်ရေးကော်မတီဖွဲ့စည်းနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP - ဇွန်   ၂၄


ရခိုင်ပြည်နယ်အထပ်မြင့် အဆောက်အဦ ကြီးရေးကော်မတီဖွဲ့စည်းနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကို ယမန်နေ့နေ့လယ်ပိုင်းက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ညှိနှိုင်းအစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ်အတွင်းရှိ မြို့များတွင် အထပ်မြင့်အဆောက်အဦ ဆောက်လုပ်မှုများသည် ယခင်ကထက်များပြား လာသည်ကို မြင်တွေ့ကြရမည်ဖြစ်ကြောင်း၊ ထိုသို့များပြားလာခြင်းမှာ မြို့တိုးတက်လာမှုကို ဖော်ပြခြင်း တစ်မျိုးလည်း ဖြစ်နေပါကြောင်း၊ အဆောက်အဦများ ဆောက်လုပ်လာကြသည့်နှင့်အမျှ ဆောက်လုပ်သည့် အဆောက်အဦထုထည်ပမာဏ ကြီးမားလာခြင်း ကြောင့် အဆောက်အဦများ၏ ခိုင်ခံ့မှု၊ သဘာဝဘေးအန္တရာယ်ခံနိုင်မှု၊ မြေသားကြံ့ခိုင်မှုနှင့် စနစ်တကျတည်ဆောက်မှုများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့်အထပ်မြင့်အဆောက်အဦများ ဆောက်လုပ်ရာတွင် စည်ပင်သာယာရေးအဖွဲ့၏ဥပဒေ၊ စည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်အောင် ကြီးကြပ်နိုင်ရေး အတွက် အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မြို့ကြီးများ၏ ဆောင်ရွက်လျက်ရှိသော အချက်အလက်များကို နမူနာရယူ၍ ဒေသနှင့်ကိုက်ညီသည့် အစီအမံများ ချမှတ်ဆောင်ရွက်နိုင်ရေး၊ ရေရှည်တွင် မြို့ပြအဆောက်အဦဖွံ့ဖြိုးရေး လုပ်ငန်းများစနစ်တကျ ဖြစ်စေရေး၊ လူနေမှုဘဝလုံခြုံစိတ်ချနိုင်ရေး တို့ကို ရည်ရွယ်ကာ အစည်းအဝေးတက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလို ကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းက ရခိုင်ပြည်နယ်အတွင်း အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားပြီး ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးက (၁/၂၀၂၂) အစည်းအဝေးဆုံးဖြတ်ချက် များအပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ စစ်တွေတက္ကသိုလ် ဘူမိဗေဒဌာနမှ ကတိက ဦးတိုးဇော်နိုင်မြင့်က ရခိုင်ပြည်နယ်၏ မြေသားခံနိုင်ဝန် စမ်းသပ်ချက်များအကြောင်းကို အကျဉ်းချုပ်တင်ပြဆွေးနွေးတင်ပြပြီး ဦးကျော်မိုးက ကြီးကြပ်စစ်ဆေးရေး ပညာရှင်အဖွဲ့ လျာထားမှု၊ နည်းပညာရှင်အဖွဲ့၏ အစီရင်ခံစာအပေါ် အဆုံးအဖြတ်ပေးမည့် အဖွဲ့လျာထားမှု၊ အဖွဲ့၏လုပ်ငန်းတာဝန်များ၊ အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ခွင့်လျှောက်ထား ရာတွင် ပါဝင်ရမည့်အချက်အလက်များနှင့် အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရာ၌ လိုက်နာ ရမည့်အချက်များအား တက်ရောက်လာကြသူများက အတည်ပြုပေးနိုင်ရန် ရှင်းလင်းတင်ပြခဲ့သည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသော ပညာရှင်များက အကြံပြုဆွေးနွေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေး ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - တင်ထွန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)