လက်တည့်စမ်း KG+၁၂တန်း စနစ် ရပ်ဆိုင်းပစ်ဖို့ လိုပါသည် (အပိုင်း-၁) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်တည့်စမ်း KG+၁၂တန်း စနစ် ရပ်ဆိုင်းပစ်ဖို့ လိုပါသည် (အပိုင်း-၁)




ဦးဌေး (နတ်မောက်)

KG+၁၂တန်း စနစ်ကို ၂၀၁၆ NLD အစိုးရခေတ်မှာ စခဲ့သည်။ ၂၀၁၆ KG သင်ရိုးသစ၊ ၂၀၁၇ မှာ G1 = ပထမတန်းသင်ရိုးသစ်၊ ၂၀၁၈ မှာ G2= ဒုတိယတန်းသင်ရိုးသစ်၊ ၂၀၁၉ မှာ G3နှင့် G6 သင်ရိုးသစ်၊ ၂၀၂၁ မှာ G4 , G7 နှင့် G10 သင်ရိုးသစ် (၂၀၂၀ တွင် ကိုဗစ်နှင့် နိုင်ငံရေးအခြေအနေကြောင့် သင်တန်းမရှိ) ၂၀၂၂ တွင် G5, G8 , G11 သင်ရိုးသစ်၊ လာမည့် ၂၀၂၃ တွင် G9နှင့် G12 သင်ရိုးသစ်သင်တန်း လာပြီး ဒေါ်အောင်ဆန်းစုကြည်ခေတ် NLD အစိုးရ စီမံရေးစွဲသည့် KG+၁၂တန်းစနစ် သင်ရိုးများ ပြီးစီးလိမ့်မည်။ 

ပညာရေးနယ်ပယ်တွင် ကျောင်းသားဘဝ၊ ဆရာဘဝ အနှစ် ၆၀ ခေတ်အဆက်ဆက် ဖြတ်သန်းမှုအရကော ၂၀၁၆-၂၀၂၂ ထိ KG+၁၂တန်း သင်ရိုးပြဋ္ဌာန်းစာအုပ်များကို လေ့လာချက်အရပါ KG+၁၂တန်း စနစ်နှင့် အတန်းစုံပြဋ္ဌာန်း သင်ရိုးများသည် နိုင်ငံလူမျိုးအတွက် ကောင်းကွက်မရှိ၊ ပို၍ ဆိုးသွမ်းသွားမည်များကို ရှင်းပြလိုပါသည်။ ဦးစွာ စနစ်ကို ရှင်းပြပါမည်။

KG+၁၂တန်း စနစ်အရ မူလတန်းပြီးမြောက်ဖို့ ၆နှစ် (KG, G1, G2, G3, G4, G5) ကြာမည်။ အလယ်တန်း ၄နှစ် (G6, G7, G8, G9) ၊ အလယ်တန်းပြီးမြောက်ဖို့ (၁၀)နှစ် ကြာမည်။ အထက်တန်း ၃နှစ် (G10, G11, G12)။ မူ-လယ်-ထက် အခြေခံ ပညာပြီးမြောက်ဖို့ ၁၃နှစ် ကြာမည်။ ပုံစံကို ၆: ၄: ၃ ဟု ခေါ်သည်။ ယခင် ၁၉၆၆ မှ ၂၀၁၅ အထိ KG+၁၀တန်း စနစ် ပုံစံက ၅: ၄: ၂။ ၁၉၈၅ မှ ၁၉၆၅ ဗိုလ်ချုပ်ကြီးနေဝင်း အိမ်စောင့်အစိုးရမှ တော်လှန်ရေးအစိုးရထိ ၄: ၃: ၂: ၁ ပုံစံ။ ၁၉၂၀ မှ ၁၉၅၇ ထိ ၄: ၃: ၂ ပုံစံ။ ၄: ၃: ၂ ပုံစံတွင် KGနှင့် ၈တန်း G8 မရှိ။ ၄တန်းနှင့် ၇တန်းသည် အစိုးရစစ်။ ထို့ကြောင့် အခြေခံပညာ မူ-လယ်-ထက် ပြီးမြောက်ဖို့ ၄: ၃: ၂ စနစ်အရ ၉နှစ်ကြာသည်။ ၄: ၃: ၂: ၁ စနစ်က ၁၀နှစ်ကြာသည်။ ၅: ၄: ၂ စနစ်က ၁၁နှစ် ကြာသည်။ 

ပညာရေးတွင် ၆: ၄: ၂ ပုံစံဖြစ်စေ၊ ၆: ၄: ၃ ဖြစ်စေ၊ ၅: ၄: ၄ ဖြစ်စေ၊ ၅: ၄: ၃ ဖြစ်စေ ကျင့်သုံးနိုင်ပါသည်။ မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ အတန်းနှင့် ကိုက်ညီသည့် ပညာအဆင့်ရဖို့လိုသည်။ အချိန်တိုတို ပြည်သူကော၊ နိုင်ငံပါ ငွေအကုန်ကျ နည်းနည်း စာတတ် ပညာရသောစနစ်သည် အကောင်းဆုံးဖြစ်သည်။

ယခု NLD ခေတ် KG+ ၁၂တန်း စနစ် ၆: ၄: ၃ သည် အင်္ဂလိပ်နယ်ချဲ့တို့ မြန်မာတနိုင်ငံလုံး သိမ်းပိုက်ပြီး ကိုလိုနီအစိုးရ ကျင့်သုံးသည့် စနစ်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်အပြီး ၂နှစ်အကြာ ၁၈၅၄ မှစ၍ ကိုလိုနီပညာရေးစနစ်ကို ချမှတ်ပြီး လက်တွေ့ကျင့်သုံးသည်။ ၁၈၆၇တွင် အစိုးရပညာရေးဌာနပေါ်လာသည်။ ၅-၁၂-၁၉၂၀ (၁၂၈၂ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) တွင် ပထမကျောင်းသားသပိတ် ဖြစ်ပေါ်ပြီး ၁၇-၁၂-၁၉၂၀တွင် အမျိုးသားအထက်တန်းကျောင်း စတင်ရာမှ အမျိုးသားကျောင်းများ တပြည်လုံးဖြစ်ထွန်းလာသည်။ အမျိုးသားပညာရေးစနစ်က မူ-လယ်-ထက် အခြေခံပညာ ပြီးဖို့ ၄: ၃: ၂ ပုံစံ ၉နှစ်ကြာစနစ် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၂၂ အသက် ၇နှစ်မှာ ကျောင်းစနေပြီး ၁၉၃၁ အသက် ၁၆နှစ်မှာ ရေနံချောင်း အမျိုးသားရေး ကျောင်းမှ ၁၀တန်းအောင်၊ ၄: ၃: ၂ စနစ်ကြောင့် အချိန်တိုတိုနှင့် တက္ကသိုလ်ရောက်ခြင်းဖြစ်သည်။ ၆: ၄: ၃ စနစ် ဆိုပါက ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၁၉နှစ်မှ တက္ကသိုလ်ဝင်တန်းအောင်မည်။ 

အင်္ဂလိပ်နယ်ချဲ့အစိုးရအောက် ၁၈၆၇ မှ ၁၉၂၀ထိ ကိုလိုနီပညာရေးစနစ်က မြန်မာတို့ ပညာတတ်နည်းနိုင်သမျှနည်းအောင် ပညာသင်စရိတ်ကို ကြီးမြင့်ထားပြီး ပညာသင်ချိန်ကိုလည်း အချိန်ကြာရှည်အောင် စီမံထားသည်။ ကိုလိုနီခေတ် အစိုးရကျောင်းများတွင် အလယ်တန်းအဆင့် ပြီးမြောက်ဖို့ ၁၀နှစ်ကြာသည်။ အမျိုးသားကျောင်း ပညာရေးနစ်က ပညာကို အချိန်တိုတို စရိတ်ကျဉ်းကျဉ်းဖြင့် တတ်မြောက်အောင် စီမံထားပြီး အလယ်တန်းအဆင့်ကို ဉာဏ်ကောင်းလျှင် ၅နှစ် ၆နှစ်၊ ဉာဏ်မကောင်းလျှင် ၇နှစ်မျှ သင်ကြားခြင်းဖြင့် ရသည်ဟု (အမျိုးသားနေ့ ရွှေရတုသတင်း အထူးထုတ် အမျိုးသားပညာရေး လှုပ်ရှားမှုသမိုင်းအကျဉ်း စာအုပ် စာ-၁၄၉)မှာ ဖော်ပြထားပါသည်။ အလယ်တန်းအဆင့်ကို ဉာဏ်ရည် ထက်မြတ်သူတို့ ၅နှစ်၊ ၆နှစ်နှင့် ပြီးသည်မှာ အတန်းခုန်ကျော်စနစ်ဖြစ်သည်။ 

ဆိုလိုသည်က စာသင်နှစ်တစ်နှစ်မှာ အတန်း ၂ခု တင်ပေးခြင်းဖြင့် အတန်းခုန်တက်သွားခြင်းဖြစ်သည်။ ယခု ကိုဗစ်ကြောင့် ပညာသင်ချိန် ပုပ်သွား၍ အတန်းလစ်ဟာသွားမှုကို ၅လခွဲတခါ အတန်းတင်ပေးပြီး တစ်နှစ် အတန်း ၂ခု တက်ခြင်းဖြင့် ကုစားနိုင်သည်။ ၏

မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုနောက်ကျ တိုင်းပြည်အတွက် KG+၁၂တန်းစနစ် လုံးဝမဖြစ်သင့်ပါ။ ယခင် KG+၁၀တန်းစနစ်က မူဆင့်ပြီးမြောက်ဖို့ ၅နှစ်ကြာ၊ အတန်း ၅ခုအတွက် စာသင်ခန်း ၅ခန်းရှိ ကျောင်းဆောင်၊ ယခု ၆: ၄: ၃ စနစ်ကြောင့်  မူလတန်း ကျောင်းဆောင်သည် စာသင်ခန်း ၆ခန်းရှိ ကျောင်းဆောင်။ KG+ ၁၀ တန်းစနစ်က အလယ်တန်းပြီးမြောက်ဖို့ ၉နှစ်ကြာ၊ အတန်း ၉ခုအတွက် စာသင်ခန်း ၉ခန်းရှိ ကျောင်းဆောင်။ ယခု ၆: ၄: ၃ စနစ်ကြောင့်  အလယ်တန်းအဆင့်ကျောင်းသည် စာသင်ခန်း ၁၀ခန်းရှိ ကျောင်းဆောင်။ ယခင် ၅: ၄: ၂ စနစ်က အထက်တန်းကျောင်းဆောင်သည် စာသင်ခန်း ၁၁ခန်းပါ ကျောင်းဆောင်၊ KG+ ၁၂ တန်းက စာသင်ခန်း ၁၃ ခန်းပါ ကျောင်းဆောင်၊ ဒါအနည်းဆုံး တွက်ချက်မှု ဖြစ်သည်။

ဤသို့ စာသင်ခန်းတွေ ပိုဆောက်ရသလို၊ စာသင်ခုံ၊ စားပွဲ၊ ကုလားထိုင် စသည့် ကျောင်းသုံးပရိဘောဂများနှင့် ဆရာခန့်ထားမှု တိုးချဲ့ရဦးမည်။ ဤသည်မှာ တစ်နှစ်ထဲမဟုတ်။ နှစ်စဉ်ဖြစ်ရာ နိုင်ငံတော်ဘတ်ဂျက် ပိုကုန်စနစ်ဖြစ်သည်။ တိုင်းပြည်က ချမ်းသာလျှင် ကိစ္စမရှိပါ။ ယခုအခါ ကိုဗစ်ကြောင့်ရော၊ နိုင်ငံရေးအခြေအနေကြောင့်ရော နိုင်ငံစီးပွား ထိခိုက်မှုဖြစ်နေရာ နိုင်ငံစီးပွားကုစားမှုက ရေရှည်စီမံကိန်းဖြစ်သည်။ 

၂၀၁၃ ဦးသိန်းစိန်အစိုးရ ပြည်ခိုင်ဖြိုးခေတ်က နိုင်ငံစီးပွားရေး ထိခိုက်မှုမရှိစဉ်ကပင် KG+၁၂တန်းစနစ် ၆: ၄: ၃ပုံစံမပြောနှင့် ၆: ၄: ၂ ပုံစံပင်မချကြောင်း၊ ယခုပညာရေးပြုပြင်ပြောင်းလဲမှု ဆောင်းပါးများ ပညာတန်ဆောင်တွင် ရေးနေသော ဆရာကြီး ဦးမြကျော်က ၂၁-၃-၂၀၁၃ Academic တွင် ဤသို့ ရေးခဲ့သည်။ (၂၀၁၄-၂၀၁၅ ပညာသင်နှစ်က စပြီး ပြောင်းလဲမယ့် ပညာရေးဖွဲ့စည်းပုံ(ပုံစံ) နဲ့ ပတ်သက်လို့ ဆွေးနွေးရင် ၆: ၄: ၂ ပုံစံအရ မူလတန်းအဆင့်မှာ တစ်နှစ်(တစ်တန်း)တိုးရင် မူလတန်းကျောင်းသားဦးရေလည်း အများကြီးတိုးလာမယ်။ မူလတန်းအဆင့် ဆရာတွေလည်း များများတိုးခန့်ရမယ်။ မူလတန်းဆရာများများ မွေးထုတ်ဖို့ ဆရာအတတ်သင်ကျောင်းတွေ တိုးချဲ့ဖွင့်လှစ်ရမယ်။ ပညာရေးကောလိပ်တွေနဲ့ မူလတန်းကျောင်းတွေ တိုးချဲ့ဖွင့်လှစ်နိုင်ဖို့ အတွက် ဖွဲ့စည်းပုံအရ လိုအပ်တဲ့ဆရာ၊ ဝန်ထမ်း၊ ကျောင်း အဆောက်အဦတွေ ကိစ္စလိုအပ်ချက်အားလုံးကို တဆက်တည်း၊ တပြိုင်တည်း ဆောင်ရွက်ကြရမှာလည်း ဖြစ်ပါတယ်။ ငွေကြေးကုန်ကျမှု (ဘတ်ဂျက်)လည်း အလွန်များလာနိုင်ပါတယ်။ ၅: ၄: ၃ ပုံစံအရ အထက်တန်းအဆင့်မှာ တစ်နှစ်(တစ်တန်း) တိုးမယ်ဆိုရင် ၁၁တန်းတက်လာမယ့် ကျောင်းသားဦးရေဟာ မူလတန်းကျောင်းသားဦးရေလောက် မများနိုင်ပါဘူး။ ၁၁တန်း အတွက် လိုအပ်မယ့် အထက်တန်းပြဆရာ၊ အဆောက်အဦစတဲ့ သွင်းအားစုလည်း အများကြီး မလိုနိုင်ပါဘူး။ ဒါကြောင့် အဘက်ဘက်က အချိန်တိုအတွင်း အဆင်ပြေသက်သာနိုင်တဲ့ ၅: ၄: ၃ ပုံစံကိုပဲ ရွေးချယ်အတည်ပြုလိုက်တာ ဖြစ်မှာပါ။) 

၂၀၁၄-၂၀၁၅တွင် ပြည်ခိုင်ဖြိုးအစိုးရက ၆: ၄: ၃ မစဉ်းစားခဲ့ကြောင်း ၅: ၄: ၃ ပုံစံပြောင်းမည်ကို ၂၀၁၃ တွင် ဆုံးဖြတ်ခဲ့ကြောင်း ဆရာဦးမြကျော်၏ ပညာရေးခရီး စာ-၁၄၁ တွင် ပြန်လည်ဖော်ပြခဲ့သည်။ သို့သော် ပြည်ခိုင်ဖြိုးအစိုးရခေတ်မှာ ၅: ၄: ၃ ပုံစံ ၂၀၁၄-၁၅ တွင် မဖြစ်ခဲ့ဘဲ ဦးနေဝင်း၊ ဦးသန်းရွှေ အစိုးရခေတ် KG+၁၀တန်းစနစ် ၅: ၄: ၂ ပုံစံသာ ၂၀၁၅ အထိ ဆက်သွားခဲ့သည်။ 

၂၀၁၆ မှစ၍ ဒေါ်အောင်ဆန်းစုကြည် အစိုးရ NLD ခေတ်တွင် ပြည်သူ့လွှတ်တော်မှ အတည်မပြုဘဲ KG+၁၂ စနစ်ဖြစ်ခဲ့သည်။ NLD အစိုးရသည် ပြည်ခိုင်ဖြိုးအစိုးရခေတ်က ၅: ၄: ၃ ပုံစံကို မချဘဲ ၆: ၄: ၃ ပုံစံ ဖန်တီးခဲ့ခြင်းက အစိုးရနှင့် ပညာရေးဖော်ဆောင်သူတို့ တိုင်းပြည်အပေါ် စေတနာမထားသည်ကို ပြသည်။ ၂၀၁၃ ပြည်ခိုင်ဖြိုး အစိုးရတုန်းက ၆: ၄: ၃ ပုံစံမချ။ ၅: ၄: ၃ ပုံစံ ရွေးချယ်သည်မှာ နိုင်ငံစီးပွားရေးကို ရေရှည်ကြည့်ခြင်းဖြစ်သည်။ သို့သော် ၅: ၄: ၃ ပုံစံ ကိုပင် အကောင်အထည်မဖော်သင့်၍ အဆောက်အဦတွေ ဆောက်ပြီး ပြဋ္ဌာန်းသင်ရိုးတွေ ရိုက်ပြီးမှ ရပ်စိုင်းခဲ့သော သမိုင်းရှိပါသည်။

၁၉၈၄-၈၅တွင် ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ငြိမ်းက ဧကာဒဿမတန်း= ၁၁တန်း စီစဉ်ခဲ့သည်။ ၅: ၄: ၃ ပုံစံ။ ထို့ကြောင့် ကျောင်းဆောင်များ ချက်ချင်းတိုးချဲ့ဆောက်ရာ ၁၉၈၆ မတိုင်ခင် ၁၁တန်း ကျောင်းဆောင်သစ်များ ပြည်သူ့ငွေအားဖြင့် တည်ဆောက်နိုင်ခဲ့သည်။ (ယခု နတ်မောက် အထက-၁ မြောက်ဆုံးကျောင်းဆောင်သည် နတ်မောက်လူထုငွေအားဖြင့် ဆောက်ခဲ့သော ၁၁တန်းဆောင်ဖြစ်ပြီး ကျွန်တော် အထက်တန်းပြအဖြစ် တာဝန်ထမ်းခဲ့သော ဆိပ်ဖြူ အထက ရှေ့မျက်နှာစာအဆောင်သည်လည်း ဆိပ်ဖြူမြို့နယ် လူထုငွေအားဖြင့် ဆောက်သော ၁၁တန်းဆောင်ဖြစ်သည်။ တခြားမြို့နယ်များတွင်လည်း ဝန်ကြီးဦးကျော်ငြိမ်း မူဝါဒကြောင့် ၁၁တန်းဆောင်များ ဆောက်နိုင်ပါသည်။ နတ်မောက် ၁၁တန်းဆောင်နှင့် ဆိပ်ဖြူ ၁၁တန်းဆောင် ၂ခုတွင် ယခုအခါ နတ်မောက် ၁၁ဆောင်က ပျက်စီးယိုယွင်းပြီး ဆိပ်ဖြူ ၁၁တန်းဆောင်က နောင်နှစ် ၃၀ အနည်းဆုံး မပြုပြင်ဘဲ ထားနိုင်ပါအုံးမည်။ ဤကားစကားချပ်ဖြစ်ပါသည်။)


ဆက်လက်ဖော်ပြပါမည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)