မြို့နယ်အချို့ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်အချို့ရှိ PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြားကာ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး



MNP ၊ ဇွန် ၁၆

NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများသည် အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦ များအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြုပစ္စည်းများနှင့် ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်း အဓမ္မလုယူ ခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၅ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ကျောက္ကူပြင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပညာ သင်ကြားလျက်ရှိသည့် ကလေးသူငယ်များ အေးချမ်းစွာပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေး ဆောင်ရွက်ပေးနေသည့် ဆင်နက်ချောင်းကျေးရွာနေ ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးအောင်အောင်ဆန်း (ခ) ကိုအောင်(၃၅)နှစ် (ဘ)ဦးမြစိုးသည် အဆိုပါကျောင်းအရှေ့ရှိ “မင်းထက်သာ” လက်ဖက်ရည် ဆိုင်၌ ထိုင်နေစဉ် ဆင်နက်ချောင်းကျေးရွာဘက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် PDF အမည်ခံ အကြမ်းဖက်သမား မုန့်စီလုံးနှင့် ဒီလုံး (စိစစ်ဆဲ)တို့ ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးအောင်အောင်ဆန်း(ခ)ကိုအောင်မှ ဝင်ရောက်လုံးထွေးဖမ်းဆီးခဲ့သော်လည်း အကြမ်းဖက်သမား ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ဦးအောင်အောင်ဆန်း(ခ)ကိုအောင်၏ ဝဲလက်မောင်းနှင့် လက်ဖျံတို့တွင် ကျည်ထိမှန်ဒဏ်ရာ ၂ ချက်ရရှိခဲ့သဖြင့် ဆေးကုသမှုခံယူလျက်ရှိ ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်ပေါက်အနီး ခြံစည်းရိုးအုတ်တံတိုင်းအပြင်ဘက် မြေကွက်လပ်၌ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၅ ရက် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၊ ကျပ်ပြင်အုပ်စု၊ ကျပ်ပြင်မြို့မဈေးရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦး(စိစစ်ဆဲ)က လက်လုပ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်းအရှေ့ရှိ ကျောင်းစောင့်နေအိမ်အနီး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနှင့် အဆောက်အဦ ထိခိုက်မှုမရှိကြောင်းနှင့် ထို့အတူ ညနေ ၃ နာရီခွဲအချိန်တွင် ကျပ်ပြင်မြို့မရပ်ရှိ အခြေခံပညာအထက်တန်းကျောင်းတို့အား PDF အမည်ခံ အကြမ်းဖက်သမား ၂ ဦး(စိစစ်ဆဲ)က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံးမှာ ကျောင်းဝင်းအတွင်း ကျောင်းအုပ်ကြီး ရုံးခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး‌ ပေါက်ကွဲမှုကြောင့် ရုံးခန်းတွင် တပ်ဆင်ထားသည့် ပြတင်းတံခါးမှန်တစ်ချပ် ကွဲအက်ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၅ ရက် ညနေ ၄ နာရီခွဲအချိန်တွင် ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ မြို့ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း၌ ကျောင်းစောင့်ဖြစ်သူ ဦးမျိုးထွန်း ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိလာပြီး ဦးမျိုးထွန်းထံမှ ကျောင်းခန်း တံခါးသော့များ ခြိမ်းခြောက်တောင်းယူကာ ကျောင်းဝင်းအတွင်း သိမ်းဆည်းထားရှိသည့် Black Board/White Board ၇ ချပ်၊ စာသင်ခုံသုံးယောက်ထိုင်ခုံအရှည် အစုံ ၅၀ ကျော်ခန့်အား လုယက်ယူဆောင်သွားကြောင်း သိရသည်။

ထို့အတူ ဇွန်လ ၁၅ ရက် ညနေ ၅ နာရီအချိန်တွင် ရွှေကူမြို့နယ်အတွင်းရှိ သရက်ကုန်း ကျေးရွာအုပ်စု၊ နှုတ်ချိုကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း၊ သရက်ကုန်းကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းခွဲ၊ သပြေလှကျေးရွာအုပ်စု သပြေလှကျေးရွာရှိ အခြေခံပညာအလယ်တန်း ကျောင်း၊  ပါခိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၊ တိန်းဟွန်းကျေရွာရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် မဏိဩဂကျေးရွာအုပ်စု ကုန်းနုကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း တို့၌ ဇွန်လ ၁၃ ရက်နေ့က ဆရာ၊ ဆရာမများမှ ကျောင်းသူ၊ ကျောင်းသားများအား စာသင်ကြား ပေးနေစဉ် PDF အမည်ခံအကြမ်းဖက်သမားများက စာသင်ခန်းများအတွင်းသို့ လက်နက်များ ကိုင်ဆောင်ဝင်ရောက်လာပြီး “ဆရာ၊ ဆရာမများအနေဖြင့် စာသင်ကြားမှုများအား ဆက်လက်မပြု လုပ်ရန်၊ ဆက်လက်သင်ကြားပါက ဖမ်းဆီးသတ်ဖြတ်ခြင်းခံရမည်ဟုလည်းကောင်း၊ ကလေးသူငယ် များအားလည်း  စာသင်ကြားမှုမပြုဘဲ မိမိတို့၏နေအိမ်၌သာ နေကြရန်” ဟုလည်းကောင်း ခြိမ်းခြောက်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲ ဝင်ပေါက်အနီးရှိ လျှပ်စစ် ဓာတ်တိုင်ပေါ်၌ “ကျောင်းတက်နေသည့် ကလေးသူငယ်များ ကျောင်းတက်ရောက်ခြင်းမပြုရန်၊ မိဘများမှလည်း မိမိတို့၏ကလေးများအား ကျောင်းထားခြင်းမပြုရန်၊ NUG ၏လမ်းညွှန်ချက်များအား လိုက်နာရန်နှင့် ကျောင်းတက်နေသည့် ကလေးသူငယ်များအပေါ် ကျရောက်လာသည့် အန္တရာယ် များအား ၎င်းတို့မှ တာဝန်မယူကြောင်း” ရေးသားထားသည့် A-4 စာရွက်တစ်ရွက်အား ကပ်ထား သည်ကို တွေ့ရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းနှင့် အဆိုပါကျောင်း၌ ကျောင်းသား/ကျောင်းသူ ၂၅၃ ဦး ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်ရှိ မြို့နယ်ပညာရေးမှူးရုံးအဝင်တံခါး၌ လက်လုပ်မိုင်းတစ်လုံး‌တွေ့ရှိကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါရုံးဝင်ပေါက်၌ လက်လုပ်မိုင်း တစ်လုံးနှင့်အတူ “HPDF-124 အဖွဲ့ ဗိုလ်ကွဲကြီးအမည်ပါ ကျွန်ပညာရေးစနစ် အလိုမရှိကြောင်း” ရေးသားထားသည့် စာရွက်တစ်ရွက်နှင့်အတူ တွေ့ရှိရသဖြင့် လက်လုပ်မိုင်းအား ဖောက်ခွဲရှင်းလင်း ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှုသတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေး ငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)